
နီပေါနိုင်ငံ အလယ်ပိုင်းမှာ နိုင်ငံခြားသား တောင်တက်သမားတွေအတွက် စခန်းတခု ပြင်ဆင်နေတုန်း နှင်းပြိုကျပြီး မြေပိလို့ သေဆုံးသွားခဲ့ရတဲ့ နီပေါအလုပ်သမားတွေရဲ့ ရုပ်အလောင်းတွေကို အောက်တိုဘာ ၂ ရက်က ခတ္တမန္ဒူမြို့က ရင်ခွဲရုံဆီ သယ်ဆောင်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းက မြောက်ပိုင်း မာနန်းခရိုင်ထဲက အမြင့်ပေ ၂၃,၃၇၉ ပေ (မီတာ ၇,၁၂၆) ရှိတဲ့ ဟင်းမ်လွန်း ဟီမားလ်တောင်ရဲ့ အခြေစိုက်စခန်းကို နှင်းပြိုကျမှုကြောင့် ဖုံးလွှမ်းသွားခဲ့တာပါ။
အဲဒီနေရာကို နိုင်ငံခြားသား တောင်တက်သမားတွေ ရောက်မလာသေးခင်မှာ ကြိုတင်ပြင်ဆင်မှုတွေအနေနဲ့ အလုပ်သမားတွေက တဲတွေထိုး၊ ကြိုးဆွဲတပ်ဆင် လုပ်နေကြတုန်းမှာ နှင်းတွေ ပိကျသွားခဲ့တာပါ။
အလုပ်သမားတယောက်ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ သူတို့အဖွဲ့မှာ လူ ၂၂ ယောက်ပါပြီး ၇ ယောက် ကတော့ အသက်ရှင် လွတ်မြောက်လာတယ်လို့ နှင်းပြိုလို့ တူဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ တောင်တက်အဖွဲ့က ထမင်းချက် လာလ်ဆင်းတာမန်းက ပြောပါတယ်။
အောက်တိုဘာ ၁ ရက်က နှင်းတွေအောက်ကနေ ရုပ်အလောင်း ၈ လောင်းကို ရှာတွေ့ခဲ့ပြီး၊ အဲ့ဒီအစောပိုင်းရက်တွေတုန်းကလည်း တခြားရုပ်အလောင်း ၇ လောင်းကို ရှာတွေ့ခဲ့ပါသေးတယ်။ နှင်းပြိုတဲ့အချိန်မှာ နိုင်ငံခြားတောင်တက်သမားတွေက အဲ့ဒီနေရာကို မရောက်သေးပါဘူး။
နှစ်စဉ်နှစ်တိုင်း ခရီးသွားသောင်းနဲ့ချီပြီး နီပေါလ်က တောင်တွေကို လည်ပတ်ဖို့ ဒါမှမဟုတ် တောင်တက်ဖို့ လာကြတာကြောင့် လမ်းပြတွေ၊ ဝန်ထမ်းတွေ၊ ပစ္စည်းသယ်ပေးရတဲ့သူတွေနဲ့ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ အလုပ်အကိုင်တွေမှာ လူပေါင်းသောင်းနဲ့ချီ လုပ်ကိုင်စားသောက်နေကြရပါတယ်။
ဒါပေမဲ့ ရာသီဥတုဖောက်ပြန်ပြီး ရေခဲမြစ်တွေနဲ့ ရေခဲတွေ အရည်ပျော်တာ ပိုမြန်လာတာနဲ့အမျှ ဒီအလုပ်က ပိုပြီး အန္တရာယ်များလာနေတာ ဖြစ်ပါတယ်။
Source:Reuters










