DVB Logo
Home
မြန်မာသတင်း
ယောတောင်ပိုင်းက စစ်ရှောင် ၁၀,၀၀၀ ကျော် ရိက္ခာပြတ်လပ်မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရ
စိုးသူအောင်
·
June 25, 2026
Photo: ဒေသခံ
Photo: ဒေသခံ
Donate to DVB

ချင်းပြည်နယ်၊ တောင်ပိုင်းကို ဦးတည်တဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် စစ်ရှောင်နေရတဲ့ ယောတောင်ပိုင်းက ဒေသခံ ၁၀,၀၀၀ ကျော်ဟာ ရိက္ခာပြတ်လပ်မဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာလိုမျိုး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူနဲ့ စစ်ရှောင်တွေက ပြောပါတယ်။

စစ်အာဏာရှင်တပ်တွေက ချင်းတောင်ကို ဦးတည်ပြီး မကွေးတိုင်းအနောက်ဘက်ခြမ်း ယောဒေသတောင်ပိုင်းက ဆောမြို့နယ်နဲ့ ကျောက်ထုဒေသထဲ စစ်ကြောင်းထိုးတာကြောင့် ဒေသခံ သောင်းနဲ့ချီ စစ်ရှောင်နေရတာ ဖြစ်ပါတယ်။

ဒေသခံအများစုဟာ တောင်ယာစချိန်ဖြစ်လို့ ရွာထဲနေကြပြီး စစ်ကြောင်းဝင်လာမှ အဝတ်တထည် ကိုယ်တခုနဲ့ အရေးပေါ် ထွက်ပြေးကြတာမျိုးဖြစ်လို့ တချို့နေရာတွေမှာ ရိက္ခာပြတ်လပ်မဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာလို့ ကူညီနိုင်ဖို့ ကြိုးစားနေသူတယောက်က ပြောပါတယ်။

စစ်အာဏာရှင်တပ်တွေကလည်း ဒေသတွင်းမှာ နေရာအနှံ့ ဖြန့်ကြက်ထားတာကြောင့် ရွာထဲမှာ ကျန်ခဲ့တဲ့ ရိက္ခာနဲ့ လိုအပ်တဲ့ပစ္စည်းတွေကို ပြန်မယူရဲကြဘဲ နီးစပ်ရာရွာတွေ၊ လယ်တောတွေနဲ့ တောတောင်တွေထဲ တိမ်းရှောင်နေကြရတဲ့ အခြေအနေကို ‘ယောလင်းတန်း’ အဖွဲ့ တာဝန်ရှိသူတယောက်က ပြောပြပါတယ်။

“အခုလောလောဆယ် စစ်ကြောင်းထိုးလို့ ရှောင်နေရတာကတော့ တောင်ယောပေါ့။ ဆောနဲ့ ကျောက်ထုနယ်ပေါ့ဗျာ။ အဲဒါကတော့ ၁၅၀၀၀ ဝန်းကျင်လောက် ရှိမယ်ဗျ။ စစ်တပ်ကလည်း နေရာအတော်များများမှာ ရှိနေတယ်ဆိုတော့ စစ်ရှောင်တွေကလည်း နီးစပ်ရာ ကိုယ့်ဆွေမျိုးရှိတဲ့ ရွာတို့၊ ဘေးကင်းရာ ရွာပေါ့ဗျာ၊ အဲဒီရွာတွေကို သွားကြတာတွေ ရှိတယ်။ တချို့က တောထဲ တောင်ထဲ ကိုယ့်လယ်တောတွေမှာ နေတာတွေလည်း ရှိတယ်ဆိုတော့ နည်းနည်း တိတိကျကျ ကောက်ဖို့က ခက်ခဲနေသေးတဲ့ အခြေအနေပေါ့။ ရိက္ခာအခြေအနေကတော့ တသောင်းခွဲဝန်းကျင်မှာ တသောင်းဝန်းကျင်ကတော့ ဒါ အရေးပေါ်ကယ်ဆယ်ရေးအကူအညီကို တကယ် လိုအပ်နေတော့တာပေါ့။ တချို့ဟာဆိုလို့ရှိရင် တောထဲက သစ်မြစ်၊ သစ်ဖုတွေကိုတောင်မှ ပြုတ်ပြီးမှ စားနေရတဲ့ အခြေအနေတွေ ရှိတယ်ဗျ။”

ခန့်မှန်းခြေ စစ်ရှောင်ဦးရေ တသောင်းခွဲထဲကမှ ၅,၀၀၀ လောက်ကသာ လိုအပ်တဲ့ပစ္စည်းတချို့ ပါလာခဲ့ပြီး အခုအခါ မိုးတွင်းကာလဖြစ်လို့ အမိုးအကာတွေ လိုအပ်နေသလို ခြင်ပေါက်ဖွားမှု များလာတာကလည်း ကျန်းမာရေးအတွက် စိန်ခေါ်ချက်တခု ဖြစ်လာနေပါတယ်။

တဖက်မှာလည်း စစ်တပ်က ယောဒေသကို ဖြတ်လေးဖြတ် လုပ်ထားတာကြောင့် ကုန်စည်ကားတွေ အရင်လို ဝင်မရဘဲ လာရောက်ကူညီသူလည်း မရှိသလောက် နည်းပါးနေကာ ဆေးဝါးပြတ်လပ်လာပြီး ရာသီတုပ်ကွေးနဲ့ ဝမ်းရောဂါတချို့ စတင်ဖြစ်ပွားနေပြီလို့ ယောဒေသခံ စစ်ရှောင်တယောက်ကလည်း အခုလို ပြောပါတယ်။

“ကိုယ့်အသက်ကိုယ် လုပြေးနေရတဲ့အချိန်၊ ရှောင်နေရတယ်ဆိုမှတော့ အစ်ကိုရယ် လိုတော့တာပေါ့နော်။ အမိုးအကာက အဓိကလိုတာပေါ့နော်၊ အခုခါက ခြင်တွေလည်း တော်တော်ပေါပြီဆိုတော့ ခြင်ထောင်တွေလိုတာပေါ့။ ပြီးတော့ ဟိုဟာပေါ့ စားနပ်ရိက္ခာက သူ့ဟာနဲ့သူ အဲဒီလို အဆင်ပြေအောင်လေးတော့ လုပ်လို့ရတယ်။ ရေဆိုလည်း သန့်တာလေးတွေ အဲလိုမျိုးဖြစ်အောင်တော့ လုပ်လို့ရတယ်။ ဒါပေမဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင်ထိတော့ မဖြစ်နိုင်ဘူးပေါ့။ ငှက်ဖျားတို့၊ သွေးလွန်တုပ်ကွေးတို့တွေလည်း ဖြစ်နိုင်တဲ့ အခြေအနေတွေမှာ ရှိနေတာပေါ့။ ခြင်ကိုက်တာတွေ များရင်တော့ ဖျားတာမျိုး၊ တခါတခါ ရေမသန့်တာတွေ သောက်တာမျိုး ဝမ်းလျှောတာ၊ ဝမ်းပျက်တာမျိုးတွေတော့ အဲလိုလေးတွေတော့ ရှိနေတာပေါ့။ ဆေးဝါးကတော့ အဲဒါတွေကတော့ လိုတာပေါ့အစ်ကို။”

ဒေသတွင်း ကူညီရေးအဖွဲ့တွေက တတ်နိုင်သလောက် ကူညီနေပေမဲ့ အိမ်ထောင်စုတခုကို ဆန်တပြည်လောက်နဲ့ မိသားစုရာဂဏန်းလောက်ကိုသာ ထောက်ပံ့ပေးနိုင်သေးကြောင်း ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။

ဇွန်လနောက်ဆုံးပတ်ထဲမှာ ကားလမ်းကြောင်းပွင့်လာပြီး တခြားရပ်ရွာတွေဆီ ထွက်ခွာလို့ရပေမဲ့ အများစုက ငွေကြေးမတတ်နိုင်ကြသလို ကျောက်ထုကနေ ပခုက္ကူမြို့ဆီသွားမဲ့ ခရီးအတွက် လူတယောက် ငွေကျပ် ၂ သိန်းခွဲ ပေးရပြီး ၂ ညအိပ် ၃ ရက်လောက် ကြာမြင့်တယ်လို့ သိရပါတယ်။

တဖက်မှာလည်း ကျောက်ထုနဲ့ မင်းတပ်လမ်းပေါ်က ရေစမ်းရွာဝန်းကျင်၊ ဆောမြို့နဲ့ ကန်ပက်လက် လမ်းတွေမှာ နေ့တိုင်းလိုလို တိုက်ပွဲဆက်ဖြစ်နေကြပြီး တခါတလေ တရက်တည်း ဗုံးအလုံး ၈၀ ကျော် ကြဲချတဲ့အသံတွေကို ကြားနေရတယ်လို့ စစ်ရှောင်တွေက ပြောကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013