DVB Logo
Home
နိုင်ငံတကာ
သုံးပွင့်ဆိုင်ဆွေးနွေးပွဲမတိုင်မီ APEC နှင့် ASEAN တွင် ကမ္ဘာ့ခေါင်းဆောင်များ စုရုံး
DVB
·
November 17, 2026
Photo: Reuters
Photo: Reuters
Donate to DVB

သမိုင်းဝင် အမေရိကန်၊ တရုတ်နဲ့ ရုရှား  သုံးပွင့်ဆိုင်ဆွေးနွေးပွဲမတိုင်ခင် ကမ္ဘာ့ခေါင်းဆောင်တွေဟာ ကုန်သွယ်ရေးတင်းမာမှု၊ အရှေ့အလယ်ပိုင်းစစ်ပွဲနဲ့ ဒေသတွင်းလုံခြုံရေးပြဿနာတွေ ဆွေးနွေးဖို့ တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ ကျင်းပနေတဲ့ ထိပ်သီးအစည်းအဝေးတွေအတွက် အာရှမှာ စုရုံးနေကြပါတယ်။

နိုဝင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်မှာ တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့၌ ကျင်းပမဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (အေပက်) ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့စီးပွားရေးထုတ်လုပ်မှုရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးကို ကိုယ်စားပြုတဲ့ အဖွဲ့ဝင်စီးပွားရေး ၂၁ ခုက ခေါင်းဆောင်တွေ တက်ရောက်မှာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးမတိုင်ခင် နိုဝင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်မှာ ကျင်းပတဲ့ အေပက် စီးပွားရေးလုပ်ငန်းရှင်များ ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီ ၅၀၀ စာရင်းဝင် လုပ်ငန်း ၁၁၅ ခုက ကိုယ်စားလှယ်တွေအပါအဝင် လူပေါင်း ၂,၀၀၀ ကျော် တက်ရောက်ဖို့ ရှိပါတယ်။ 

အိမ်ရှင်တရုတ်နိုင်ငံကတော့ နှစ် ၂၀ ကြာ အကောင်အထည်မပေါ်သေးတဲ့ အာရှ-ပစိဖိတ် လွတ်လပ်ကုန်သွယ်ရေးဇုန် တည်ထောင်ရေးအတွက် လမ်းပြမြေပုံတခု ရရှိဖို့အပြင် ဉာဏ်ရည်တုနည်းပညာ (AI) နဲ့ ဒစ်ဂျစ်တယ်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို တွန်းအားပေးနေပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေး အပါအဝင် နိုင်ငံခေါင်းဆောင်တွေနဲ့လည်း သီးခြားတွေ့ဆုံနေပြီး ကနေဒါကုန်ပစ္စည်းတချို့အပေါ် ကုန်သွယ်ရေးအခွန်တွေ ထပ်မံလျှော့ချဖို့ တရုတ်နိုင်ငံက သဘောတူခဲ့ပါတယ်။

တဖက်မှာလည်း ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ နိုဝင်ဘာ ၁၅ ရက်က စတင်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေဟာ နိုဝင်ဘာ ၁၇ ရက်မှာ ပြီးဆုံးမှာဖြစ်ပြီး မြန်မာ့အရေး၊ တောင်တရုတ်ပင်လယ်အရေး၊ အင်ဒိုနီးရှားတောမီးကြောင့် လေထုညစ်ညမ်းမှုနဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် စွမ်းအင်ဖူလုံရေး ထိခိုက်နေတဲ့ကိစ္စတွေကို ဆွေးနွေးနေကြပါတယ်။

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲတာကာအိချိကလည်း အာရှနိုင်ငံတွေကြား ရေနံအရန်သိုလှောင်မှုနဲ့ အရေးပေါ်လောင်စာဆီဖြန့်ဖြူးရေး ပူးပေါင်းဆောင်ရွက်ဖို့ အဆိုပြုခဲ့ပြီး “အာရှဒေသအတွက် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီနဲ့ ဆင်တူတဲ့ အစီအစဉ်တခု ဖော်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်”လို့ ပြောပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ နိုဝင်ဘာ ၁၇ ရက်မှာ မနီလာမြို့ကို ရောက်ရှိဖို့ရှိပြီး အိန္ဒိယ၊ ဂျပန်နဲ့ ဩစတြေးလျခေါင်းဆောင်တွေနဲ့ Quad ၄ နိုင်ငံ ထိပ်သီးဆွေးနွေးပွဲမှာလည်း သူ့ရဲ့ ဒုတိယသမ္မတသက်တမ်းအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ 

မနီလာမြို့မှာတော့ ထရမ့်ပ်ရဲ့ ခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြမှုတွေ ရှိနေပြီး အရှေ့အလယ်ပိုင်းစစ်ပွဲ ရပ်တန့်ရေးနဲ့ အမေရိကန်ဦးဆောင်တဲ့ Pax Silica နည်းပညာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို ဖျက်သိမ်းရေးတို့အတွက် ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013