
လူကူးမျဉ်းကျားကနေ လမ်းဖြတ်မကူးပဲ စည်းကမ်းမဲ့လမ်းဖြတ်ကူးသူတွေကို အောက်တိုဘာ ၁၂ ရက်ကစတင်ပြီး ဒဏ်ရိုက်အရေးယူတော့မယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက အောက်တိုဘာ ၁၁ ရက် ရက်စွဲနဲ့ အသိပေးကြေညာထားပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းမှာ လမ်းဖြတ်ကူးသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ လူကူးမျဉ်းကျားကနေ ကူးရမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့နေပြည်သူတယောက်က “စုံ/မ စနစ်နဲ့ ပိုက်ဆံတောင်းမရတော့ လမ်းကူးတဲ့သူတွေကိုပါ လိုက်ဒုက္ခပေးနေတယ်။ မျဉ်းကျားကနေ ကူးရင်လည်း သူ့အဖေကားတွေက ရပ်မှမရပ်တာ။ အသားကုန် မောင်းနေတာလေ။ ပြီးတော့ ဆေးရောင်တွေကလည်း ပျက်နေတာ။ ပြည်သူတွေဆီကနေ ပိုက်ဆံကို ဘယ်လို တောင်းရမလဲပဲ သူတို့စဉ်းစားနေတာ" လို့ ပြောပါတယ်။
ခြေလျင်သွားလာသူတွေအနေနဲ့ လမ်းဖြတ်ကူးရာမှာ သတ်မှတ်ထားတဲ့ မြေအောက်လမ်း၊ ခုံးကျော်တံတား၊ လူကူးမျဉ်းကျား ဒါမှမဟုတ် ခွင့်ပြုထားတဲ့ နေရာတွေကသာ ဖြတ်ကူးရမှာလို့ ဆိုပါတယ်။
အဆိုပါစည်းကမ်းတွေကို လိုက်နာမှုမရှိပါက ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉၆ အရ ကျပ် ၃၀,၀၀၀ ထက်မပိုတဲ့ ဒဏ်ကြေးငွေနဲ့ ထိရောက်စွာ အရေးယူသွားမယ်လို့ သိရပါတယ်။











