
ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း လမ်းဖြတ်ကူးသူတွေကို လူကူးမျဉ်းကြားတွေ၊ ခုံးတံတားတွေကနေ မကူးရင် အရေးယူမှုကို ဒီကနေ့ အောက်တိုဘာလ ၁၂ ရက်မှာ စတင်နေပြီး ဆူးလေခုံးကျော်တံတားအောက်မှာ မနက် ၈ နာရီကစလို့ ခဏသာ ဟန်ပြလုပ်ဆောင်ခဲ့တယ်လို့ ပြည်သူတွေဆီကနေ သိရပါတယ်။
ကျောက်တံတားမြို့နယ်နေ ပြည်သူတယောက်က “ဖမ်းနေတာက မနက် ၈ နာရီလောက်ကတည်းက စဖမ်းနေတာ၊ ရဲတွေ မော်တော်ပီကယ်တွေနဲ့ပေါ့။ မီနီဘတ်စ်ကားနဲ့ကို ဖမ်းနေတာ၊ တနေရာတည်းကို ကွက်လုပ်နေတာ။ ၉ နာရီခွဲလောက်ကျတော့ မရှိကြတော့ဘူး၊ ပရမ်းပတာလုပ်နေတာ လူတွေကို စေတနာရှိလို့ သေချာစည်းကမ်းလုပ်တာမျိုးမဟုတ်ဘူး၊ လူတွေကို ကြောက်အောင်လုပ်တာ၊ လူတွေ ကြောက်သွားရင် သူတို့ လုပ်တာအောင်မြင်တယ် ဆိုပြီး လုပ်နေကြတာ” လို့ ပြောပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းမှာ လမ်းဖြတ်ကူးသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ လူကူးမျဉ်းကျားကနေ ကူးရမှာဖြစ်ပြီး လူကူးမျဉ်းကျားကနေ လမ်းဖြတ်မကူးဘဲ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူတွေကို အောက်တိုဘာ ၁၂ ရက်က စတင်ပြီး ဒဏ်ရိုက်အရေးယူမယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက အောက်တိုဘာ ၁၁ ရက်မှာ အသိပေးကြေညာထားပါတယ်။
လမ်းသွားလမ်းလာတယောက်က “လူကူးမျဉ်းကြားနဲ့ တံတားပေါ်က မကူးတဲ့သူတွေကို လက်ကိုင်လော်စပီကာနဲ့ လိုက်အော်နေတာ၊ လိုက်ဆွဲနေတာ၊ အဲဒါ ခဏပါပဲ၊ အချိန်ခဏလေးအတွင်းမှာပဲ ပြီးသွားတာ။ ဗီဒီယိုတွေရိုက်၊ ဓာတ်ပုံတွေရိုက်ပြီးတော့ ပြန်သွားကြတာ။ အခုလူတွေကလည်း ဒီတိုင်းပဲ ပြန်ကူးနေကြတာပဲ” လို့ ပြောပါတယ်။
သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာပါက ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉၆ အရ ကျပ် ၃၀,၀၀၀ ထက်မပိုတဲ့ ဒဏ်ကြေးငွေ ပေးဆောင်ရမှာလည်း ဖြစ်ပါတယ်။











