
ဘယ်လာရုစ်နိုင်ငံဟာ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ထပ်ဖြေလျှော့ပေးစေဖို့ စက်တင်ဘာ ၁၆ ရက်မှာ အကျဉ်းသား ၂၅ ယောက်ကို လွှတ်ပေးခဲ့ပါတယ်။
တချိန်တည်းမှာ နောက်ထပ် လူရာပေါင်းများစွာကို တလအတွင်း လွှတ်ပေးနိုင်လောက်တယ်လို့ အမေရိကန်သံတမန် ဂျွန်ကိုးလ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဒီသဘောတူညီချက်က ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ရင်းနှီးတဲ့ မဟာမိတ်ဖြစ်သူ ဘယ်လာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုနဲ့ ဂျွန်ကိုးတို့ကြား တနှစ်ကျော် ဆွေးနွေးညှိနှိုင်းမှုကနေ နောက်ဆုံးထွက်ပေါ်လာတဲ့ ရလဒ်ပါ။
လွတ်မြောက်လာတဲ့ အကျဉ်းသားတွေကို လစ်သူယေးနီးယားနိုင်ငံရဲ့ မြို့တော် ဗီလ်နီယပ်စ်ဆီ ခေါ်သွားခဲ့ပါတယ်။
ဒီလုပ်ငန်းစဉ်က အလွန်အောင်မြင်ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အနေနဲ့ ရလဒ်အပေါ် အလွန်ကျေနပ်အားရနေတယ်လို့ ဂျွန်ကိုးလ်က ဗီးနီးယပ်စ်မြို့တော်ကနေ ပြောပါတယ်။
ဘယ်လာရုစ်နိုင်ငံမှာ အစွန်းရောက် အဖွဲ့အစည်းတခုအဖြစ် သတ်မှတ်ပြီး ပိတ်ပင်တားမြစ်ခံထားရတဲ့ လူ့အခွင့်အရေးအဖွဲ့ ဗီယက်စ်နာက ဗုဒ္ဓဟူးနေ့မှာ လွတ်လာသူ အများစုဟာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။
သူတို့ထဲက သတင်းထောက် အန်ဒရီ အယ်လက်ဆန်ဒရောဟာ ထောင်ဒဏ် ၁၄ နှစ် ကျခံနေရသူ ဖြစ်ပါတယ်။
Source: Reuters











