၂၀၂၅ ခုနှစ်မှာ NATO မဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေရဲ့ စစ်ရေးအသုံးစရိတ်ဟာ ၂၀ ရာခိုင်နှုန်းနဲ့ ဒေါ်လာ ၅၇၄ ဘီလီယံအထိ မြင့်တက်ခဲ့ပြီး စုစုပေါင်းဒေါ်လာ ၁ ဒသမ ၄ ထရီလီယံအထိ ရှိခဲ့ကြောင်း သိရပါတယ်။
မတ် ၂၆ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ နှစ်ပတ်လည် အစီရင်ခံစာအရ NATO မဟာမိတ်နိုင်ငံတွေဟာ စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) ထဲက ၂ ရာခိုင်နှုန်းကျော်ကို စစ်ရေးအသုံးစရိတ်အဖြစ် သုံးစွဲနေပြီဖြစ်ပါတယ်။
ဒါဟာ ၂၀၁၄ ကနေ ၂၀၂၄ ခုနှစ်အထိ ချမှတ်ထားခဲ့တဲ့ ရည်မှန်းချက်ဖြစ်သလို ၂၀၃၅ အရောက်မှာလည်း စစ်ရေးအသုံးစရိတ် ၅ ရာခိုင်နှုန်းကို ပြည့်မီဖို့အတွက် ပစ်မှတ်ထားနေပါတယ်။
တချိန်တည်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ NATO အဖွဲ့ဝင် ၃၂ နိုင်ငံစလုံးရဲ့ ကာကွယ်ရေးအသုံးစရိတ်တွေ ပိုပြီးတိုးမြှင့်ဖို့အတွက် အကြိမ်ကြိမ် တောင်းဆိုခဲ့ဖူးပါတယ်။
ဒါ့အပြင် ဥရောပတိုက်ဟာ မိမိလုံခြုံရေးအတွက် မိမိဘာသာ အဓိကတာဝန်ယူရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
လာမဲ့ဇူလိုင်လ တူရကီမြို့တော် အန်ကာရာမှာ ကျင်းပသွားမဲ့ ထိပ်သီးအစည်းအဝေးမတိုင်ခင် NATO အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရူတေ ကနေ အဖွဲ့ရဲ့ အစီရင်ခံစာအကြောင်းကို တင်ပြပေးခဲ့တာပါ။
အဲဒီနောက် “မဟာမိတ်နိုင်ငံတွေအနေနဲ့ ၅ ရာခိုင်နှုန်းပြည့်မီအောင် ရှင်းလင်းသေချာပြီး ယုံကြည်စိတ်ချရတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်ဆိုတာကို ပြသနိုင်လိမ့်မယ်” လို့ မျှော်လင့်ထားတယ် ဆိုပြီး မာ့ခ်ရူတေက မှတ်ချက်ပြုပါတယ်။
အဲဒီ ၅ ရာခိုင်နှုန်းထဲမှာ ပင်မကာကွယ်ရေး အသုံးစရိတ်အတွက် ၃ ဒသမ ၅ ရာခိုင်နှုန်း အပါအဝင် ကျန်တဲ့ ၁ ဒသမ ၅ ရာခိုင်နှုန်းဟာ အခြေခံအဆောက်အအုံနဲ့ ဆိုက်ဘာလုံခြုံရေးလိုမျိုး ကဏ္ဍအတွက် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
မနှစ်ကလည်း ၃ ဒသမ ၅ ရာခိုင်နှုန်း ရည်မှန်းချက်ကို ပြည့်မီခဲ့တဲ့ ၃ နိုင်ငံသာ ရှိပြီး အဲဒီထဲမှာ ပိုလန်၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယားတို့ ပါဝင်ပါတယ်။
အခုလိုမျိုး NATO အဖွဲ့ဝင်နိုင်ငံတိုင်းဟာ စစ်ရေးအသုံးစရိတ်တွေ တိုးမြှင့်လာကြပေမဲ့လည်း GDP နဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ ရာခိုင်နှုန်းအနည်းငယ် လျော့ကျသွားတဲ့ နိုင်ငံ ၃ ခု ရှိပါတယ်။
၂၀၂၄ ခုနှစ်မှာ အမေရိကန်ရဲ့ စစ်ရေးအသုံးစရိတ် ၃ ဒသမ ၃၀ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၃ ဒသမ ၁၉ ရာခိုင်နှုန်းကို ကျဆင်းသွားခဲ့သလို ချက်နဲ့အတူ ဟန်ဂေရီလည်း ရာခိုင်နှုန်းအရ နည်းပါးသွားတာ တွေ့ရပါတယ်။
Source: Reuters











