
ဥရောပတိုက်အတွင်း ရုရှားရဲ့ ကျူးကျော်မှုကို ဟန့်တားဖို့အတွက် လုံခြုံရေးကို အားဖြည့် ဆောင်ရွက်တဲ့အနေနဲ့ ဒိန်းမတ်နိုင်ငံဟာ ပထမဆုံးအကြိမ်အဖြစ် ဝေးလံတဲ့ပစ်မှတ်တွေကို တိကျစွာ တိုက်ခိုက်နိုင်တဲ့ ဒုံးကျည်တွေ ဝယ်ယူဖို့ သဘောတူညီချက် ရခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ မော်စကိုရဲ့ ကန့်ကွက်ရှုတ်ချမှုကို ခံခဲ့ရတယ်လို့ ဒိန်းမတ် ကာကွယ်ရေးဝန်ကြီး ယက်ပဲ ဘရူးစ်က အောက်တိုဘာ ၂၂ ရက်မှာ ပြောပါတယ်။
ဒီဒုံးကျည်စနစ်သစ်တွေဟာ ဒိန်းမတ်ရဲ့ စစ်ရေးစွမ်းရည်ကို ပိုမိုမြင့်မားလာစေမှာဖြစ်ပြီး တိုက်ခိုက်ခံရ တဲ့ အခါမျိုးမှာ “ရန်သူ့နယ်မြေနောက်ကွယ်” အထိပါ တိုက်ခိုက်နိုင်စွမ်း ရှိလာစေလိမ့်မယ်လို့ ဝန်ကြီး ယက်ပဲဘရူးစ်က သတင်းထောက်တွေကို ပြောပါတယ်။
ကိုပင်ဟေဂင်မြို့ရှိ ရုရှားသံရုံးကတော့ ဒိန်းမတ်ရဲ့ ဒုံးကျည်ဝယ်ယူရေး မူဝါဒဟာ မော်စကိုနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ရည်ရွယ်ချက်ရှိနေပြီး “ရှောင်လွှဲလို့မရနိုင်တဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေ” ဖြစ်လာနိုင်တယ်လို့ ကြေညာချက်ထုတ် သတိပေးထားပါတယ်။
ဥရောပကို ခြိမ်းခြောက်နေတဲ့ ရုရှားရဲ့ စစ်ရေးအန္တရာယ်ကို တုံ့ပြန်တဲ့အနေနဲ့ ဝေးလံတဲ့ ပစ်မှတ်တွေ ကို ထိုးစစ်ဆင် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေကို ဝယ်ယူသွားဖို့ ရည်ရွယ်ထားကြောင်း ဒိန်းမတ် နိုင်ငံက မနှစ်ကတည်းက ကြေညာထားပြီး အဲဒီတုန်းကလည်း မော်စကိုဘက်က ပြင်းပြင်းထန်ထန် ပြန်လည် ဝေဖန်ကန့်ကွက်ခဲ့ပါတယ်။
ဝန်ကြီးချုပ် မက်တဲ ဖရဲဒရစ်ဆင် ကလည်း နှစ်ပေါင်းများစွာ ဘတ်ဂျက်ဖြတ်တောက်ခံခဲ့ရပြီးနောက် ရုရှားရဲ့ ယူကရိန်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေအရ စစ်တပ်ကို လက်နက် အသစ်တွေ ဝယ်သာဝယ်ဆိုပြီး အဲဒီအချိန်က တိုက်တွန်းခဲ့ဖူးပါတယ်။
ဒိန်းမတ်နိုင်ငံဟာ အမေရိကန်ကာကွယ်ရေးကုမ္ပဏီ Covenant က ထုတ်လုပ်ပြီး ဂျာမနီနိုင်ငံမှာ ထုတ်လုပ်တဲ့ Anthem ဒုံးကျည်တွေနဲ့ နော်ဝေနိုင်ငံ ကုန်းစ်ဘဲရ်ဂ်ကုမ္ပဏီက ထုတ်လုပ်တဲ့ F-35 တိုက်လေယာဉ်တွေအတွက် ပူးတွဲတိုက်ခိုက်ရေး ဒုံးကျည်တွေကို ဝယ်ယူဖို့ ကြာသပတေးနေ့မှာ သဘောတူညီခဲ့ပြီးပြီလို့ ပြောကြားပါတယ်။
ဒါပေမဲ့ ဝယ်ယူခဲ့တဲ့ အရေအတွက်နဲ့ ပေးချေရမဲ့ ငွေပမာဏကိုတော့ ဝန်ကြီး ယက်ပဲဘရူးစ်က ထုတ်ဖော်ပြောကြားဖို့ ငြင်းဆိုပါတယ်။
Source: Reuters











