DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် လုပ်ငန်းခွင် မတော်တဆမှုကြောင့် ကိုယ်လက်အင်္ဂါ ထိခိုက်သူ ပိုများလာ
DVB
·
July 3, 2026
Photo : DVB
Photo : DVB
Donate to DVB

ထိုင်းနိုင်ငံက ဆောက်လုပ်ရေး၊ စက်မှုနဲ့ အန္တရာယ်များတဲ့ လုပ်ငန်းခွင်တွေမှာ မြန်မာလုပ်သားတွေ ဟာ လုပ်ငန်းခွင် မတော်တဆမှုကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးတဲ့အထိ ထိခိုက်တာ ပိုများလာ တယ်လို့ အလုပ်သမားအရေး ကူညီသူတွေက ပြောပါတယ်။ 

ထိုင်းနိုင်ငံမှာ ဆောက်လုပ်ရေး၊ စက်မှုလုပ်ငန်း၊ ရေလုပ်ငန်းနဲ့  အန္တရာယ်များတဲ့ လုပ်ငန်းခွင်တွေမှာ မြန်မာရွှေ့ပြောင်းလုပ်သား သိန်းနဲ့ချီ ဝင်ရောက် လုပ်ကိုင်နေကြပါတယ်။

ဒီလိုလုပ်ငန်းခွင်တွေမှာ စက်ပစ္စည်း မတော်တဆမှု၊ အမြင့်ကပြုတ်ကျတာ၊ စက်ကြိတ်မိတာနဲ့ ယာဉ်တိုက်မှုလို ဖြစ်စဉ်တွေကြောင့် ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရမှုနဲ့ အသက်ဆုံးရှုံးမှုတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

WAG-အလုပ်သမားမဟာမိတ်အဖွဲ့မှ ကိုမုန်တိုင်းက “အခုဆိုရင် လုပ်ငန်းခွင်တွေမှာက ကိုယ်လက်အင်္ဂါ ချို့ယွင်းတာတွေ အများစု တွေ့လာရတာပေါ့။ ကြုံတွေ့လာတာမှာ ဘာတွေ ဖြစ်လာလဲဆိုတော့ ဘတ်အသစ်သမားတွေ၊ ဘတ်ရိုက်ခါစ လူတွေ ဖြစ်လာတဲ့အခါ ဒီအလုပ်သမားတွေက ပကန်စံခွန် (လူမှုဖူလုံရေး အာမခံကတ်) မရှိဘဲ နေထိုင်တဲ့ အခါကျတော့ အလုပ်သမားတွေရဲ့ အပြစ်တွေ ဖြစ်လာတယ်။ ထိုင်းအစိုးရက အလုပ်ရှင်အပေါ် ဖိအားမပေးဘဲ အလုပ်သမားတွေအပေါ် ဖိအားပေးတယ်။ ဘာကြောင့် မင်းတို့က အလိုတူ အလိုပါ အလုပ်လုပ်နေတာလဲ။ အဲဒါတွေ ကြုံရတယ်။ လက်ရှိ လုပ်ငန်းခွင် လုံခြုံရေးကတော့ အများကြီး ချိုးဖောက်ခံရတယ်။ သူတို့ နိုင်ငံမှာ ဥပဒေလွှမ်းမိုးတဲ့အရာတွေ ပြဋ္ဌာန်းထားတာ များတယ်။ ဒါပေမဲ့ တကယ့်တကယ် မြေပြင်မှာက ထိရောက်မှု မရှိတာ အများကြီးပဲ” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ အလုပ်သမားကာကွယ်ရေးဥပဒေနဲ့ လူမှုဖူလုံရေးစနစ်အရ အလုပ်ရှင်တွေဟာ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးဆိုင်ရာ စံနှုန်းတွေကို လိုက်နာရမှာဖြစ်ပြီး အလုပ်သမားတွေကို လူမှုဖူလုံရေးစနစ်ထဲ မှတ်ပုံတင်ပေးရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ အလုပ်ရှင်အချို့က ဥပဒေကို အပြည့်အဝ မလိုက်နာတာ၊ အလုပ်သမား တချို့မှာ လူမှုဖူလုံရေးအာမခံ မရှိတာတွေကြောင့် မတော်တဆမှုဖြစ်တဲ့အခါ နစ်နာကြေးရဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

စက်ပြင်လိုင်း အလုပ်သမားတယောက်က “ကျနော်က စက်ပြင်လိုင်းဆိုတော့ ဝရိန်ဆော်နေတဲ့ အချိန် အနောက်ကနေ ဝင်တိုက်သွားတာ။ ပေါ့ပလစ်ကားက တိုက်ပြီးတော့ ကျနော် ခြေထောက်ထိ သွားတယ်။ တနှစ်ကျော်သွားပြီ။ ခြေထောက်က ဖြတ်လိုက်ရတယ် ဒူးအထက်ကနေပြီးတော့။ လျော်ကြေးတော့ မရသေးဘူး။ လောလောဆယ်တော့ ဘာမှ လုပ်လို့မရသေးဘူး ခြေထောက်ထိ ထားတော့။ အခုကတော့ WAG အဖွဲ့ကပဲ နစ်နာကြေး ရအောင် လုပ်ပေးနေတယ်။ စက်ရုံဘက်က သူတို့ ကိုယ်တိုင် လိုက်လုပ်ပေးရင်တော့ ပိုမြန်တာပေါ့။ အခု တာဝန်မယူဘဲ တခြား အပြင်မှာ လုပ်ရတော့ ပိုပြီး ကြန့်ကြာတာပေါ့”

လက်ချောင်းနှစ်ချောင်း ဖြတ်တောက်ခဲ့ရတဲ့ မြန်မာအလုပ်သမားတယောက်ကလည်း အလုပ်ရှင်က လူမှုဖူလုံရေးအာမခံကို  ပြောင်းရွှေ့မှတ်ပုံတင် မပေးခဲ့တာကြောင့် နစ်နာကြေး ဆုံးရှုံးမယ့် အခြေအနေ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

မဟာချိုင်ရှိ မြန်မာအလုပ်သမားတယောက်  “ကျနော့်မှာက အရင် သူဌေးနဲ့တုန်းက ပကန်စခွန်း ရှိတယ်။ ဒီလူမှုဖူလုံရေးကတ် ရှိတယ်။ ရှိတာကို ကျနော် လုပ်နေတဲ့ အလုပ်ရုံက သူဌေး မပြောင်းပေးတော့ ကျနော့် ပကန်စခွန်က သက်တမ်း သေသွားတာပေါ့။ ကျနော် ဒီအမှုနဲ့ လျော်ကြေး မရတော့ဘူးပေါ့။ ဒါနဲ့ WAG ရုံးကို ဆက်သွယ်ပြီးတော့ ကျနော်တို့ ပကန်ရုံးကို အကြောင်းကြားတော့ ကျနော့် ပကန်ကို ဒဏ်ကြေးဆောင်ပြီး သက်တမ်း ဆက်တိုးမယ်တော့ သိထားတယ်။ ကျန်တဲ့ နောက်ပိုင်း ကိစ္စတော့ မသိရသေးဘူး။ လက်ငါးချောင်း ရှိတယ်။ ၂ ချောင်းက အရင်းက ဖြတ်လိုက်ရတယ်။ ကျန်တဲ့နှစ်ချောင်းက ကွေးလို့မရ ဆန့်မရ ဒီတိုင်းလေးတော့ ရှိတယ်။ အများအားဖြင့် လက်ပြတ် ခြေထောက်ပြတ် အဲ့လိုများတာပေါ့” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ လက်ရှိ မြန်မာရွှေ့ပြောင်းလုပ်သား ၇ သန်းနီးပါး ရှိနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ခန့်မှန်းထားပြီး၊ အဲဒီထဲမှာ အထောက်အထားနဲ့ အလုပ်လုပ်ကိုင်နေသူက ၃ သန်း ဝန်းကျင်သာ ရှိတယ်လို့ ဆိုပါတယ်။

အလုပ်သမားအရေးအဖွဲ့တွေကတော့ အန္တရာယ်များတဲ့ လုပ်ငန်းခွင်တွေမှာ ဘေးကင်းလုံခြုံရေး စံနှုန်းတွေကို ပိုမိုကြပ်မတ် စစ်ဆေးပေးဖို့၊ လူမှုဖူလုံရေးစနစ်ကို အလုပ်သမားတိုင်း လက်လှမ်းမီ စေဖို့နဲ့ လုပ်ငန်းခွင် ထိခိုက်သူတွေအတွက် လျော်ကြေးရရှိရေး လုပ်ငန်းစဉ်တွေကို မြန်မြန် ဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့ တိုက်တွန်းနေကြပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013