DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် ငွေသားရှားပါးမှုကြောင့် ငွေထုတ်ခ ဈေးနှုန်းမြင့်တက်
ကေခိုင်
·
October 19, 2026
Photo: DVB Archive
Photo: DVB Archive
Donate to DVB

စစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ ဘဏ်စနစ်တွေ လုံးဝရပ်တန့်သွားတာနဲ့အတူ ငွေသားရှားပါးမှု ပြဿနာဟာ ရခိုင်ပြည်သူတွေရဲ့ နေ့စဉ်ဘဝကို အကြီးအကျယ် ရိုက်ခတ်နေပြီး ငွေလွှဲ၊ ငွေထုတ် ဝန်ဆောင်ခတွေဟာ မြို့နဲ့အလှမ်းဝေးတဲ့ ကျေးရွာတွေမှာ ၉ ရာခိုင်နှုန်းအထိ မြင့်တက်နေပါတယ်။ 

ရခိုင်မှာ စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲစဖြစ်တဲ့ ၂၀၂၃ ခုနှစ်ကစပြီး KBZ ၊ AYA ၊ မြန်မာ့စီးပွားရေးဘဏ် စတဲ့ ဘဏ်ခွဲတွေအားလုံး ပိတ်သိမ်းသွားခဲ့တာပါ။

ဘဏ်စနစ်တွေ ရပ်ဆိုင်းသွားတာနဲ့အတူ KPay, Wave Pay စတဲ့ အွန်လိုင်းစနစ်ကိုပဲ အဓိက အားထားလာရပြီး လက်ရှိမှာ ရခိုင်ဒေသတွင်း ငွေသားရှားပါးမှုပြဿနာကို အကြီးအကျယ် ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

လက်ရှိမှာ စစ်ရေးပဋိပက္ခ ပြင်းထန်လာတာနဲ့အတူ ကုန်စည်စီးဆင်းမှု အားနည်းသွားတဲ့အတွက် ငွေသားရှားပါးမှု ပြဿနာကို ကြုံတွေ့နေရတာပါလို့ ငွေလွှဲငွေထုတ် လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။

ဒါကြောင့် ငွေထုတ်ခဈေးနှုန်းတွေ အဆမတန်မြင့်တက်လာနေပြီး မြို့ပေါ်တွေမှာ ‌ငွေထုတ်ခ ဈေးနှုန်းက ၆ ရာခိုင်နှုန်း ကနေ ၇ ရာခိုင်နှုန်းကြားရှိနေပြီး မြို့နဲ့အလှမ်းဝေးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတွေမှာ ငွေထုတ်ခဈေးနှုန်း ၇ ရာခိုင်နှုန်းကနေ ၉  ရာခိုင်နှုန်းအထိ မြင့်တက်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ငွေလွှဲငွေထုတ် လုပ်ကိုင်သူတယောက်က “လက်ရှိမှာတော့ ငွေထုတ်ခဈေးတွေကတော့ ငြိမ်သက်မှုမရှိဘူး ဖြစ်နေတာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ငွေကြေးရှားပါးမှုကြောင့် ဖြစ်တာပေါ့။ ဈေးတွေက မတည်မငြိမ်ဖြစ်တယ်။ အများအားဖြင့်တော့ ဈေးက တက်တဲ့အချိန် များတာပေါ့နော်။ ငွေသားရှားပါးတဲ့ အကြောင်းရင်းက ဒီမှာကျရင် ငွေအလွှဲတွေက မရှိဘူး။ နိုင်ငံခြားက ဝင်ငွေတွေက များတဲ့အခါကျရင် ငွေထုတ်တဲ့သူက များတာပေါ့။ ထုတ်တဲ့သူက များတဲ့အခါကျရင် ငွေသားတွေက ရှာရခက်ခဲတယ်။ ကုန်သည်တွေကကျလည်း ငွေအလွှဲတွေက နည်းတယ်။ ဘာကြောင့်လဲဆိုတော့ အခု ကုန်သည်တွေကလည်း နိုင်ငံရေးအခြေအနေ မကောင်းတာကြောင့်ပေါ့နော်။ ကုန်တွေဘာတွေ ဝယ်ဖို့ဟာတွေက အခက်အခဲ ဖြစ်နေကြတယ်ပေါ့။ ဒါကြောင့် ငွေသားတွေက ရှားပါးလာကြတာ။ ငွေသားတွေက ထုတ်တဲ့သူ များတဲ့အခါကျရင် ကုန်သည်တွေဆီကနေ ဈေးကို အဆမတန်ပေးပြီး ဝယ်ရတယ်ပေါ့နော်။ ဝယ်ပြီးမှ တဆင့်ခံ ငွေထုတ်တဲ့သူကို ထုတ်ပေးရတာ။ အဲဒါကြောင့် အခက်အခဲတွေ ဖြစ်တာပေါ့” လို့ ပြောပါတယ်။

ရခိုင်မှာ ငွေသားတွေကို ကုန်သည်တွေဆီကတဆင့် ငွေလွှဲငွေထုတ် လုပ်ကိုင်သူတွေက ရာခိုင်နှုန်းပေးပြီး ဝယ်ယူနေရကာ ငွေလွှဲငွေထုတ် လုပ်ကိုင်သူတွေဆီကတဆင့် ဒေသခံ ပြည်သူတွေက ငွေသား ထုတ်ယူရတာပါ။

တဖက်မှာလည်း ကုန်သည်တွေအနေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ကုန်ကျစရိတ်ကြီးမြင့်မှု ရှိနေသလို ဂိတ်ဖြတ်သန်းခတွေလည်း အဆင့်ဆင့် ပေးဆောင်နေရတဲ့အတွက် အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။

အလုပ်အကိုင်ရှားပါးပြီး ကုန်ဈေးနှုန်း ကြီးမြင့်နေတဲ့ ရခိုင်ဒေသမှာ ပြည်ပရောက် မိသားစုဝင်တွေရဲ့ ဝင်ငွေကိုသာ အဓိက မှီခိုနေကြရတာပါ။

ဒီလိုအခြေအနေတွေကို အဆိုးရွားဆုံး ရင်ဆိုင်နေရတာကတော့ စစ်ဘေးရှောင်ပြည်သူတွေ ဖြစ်ကြပြီး ဝမ်းရေး လောက်ငအောင် မနည်းကြိုးစား ရုန်းကန်နေရပါတယ်။

ဒေသခံတယောက်က “ငွေထုတ်ဖို့နေရာကို လာရတာက ခရီးကလည်း ဝေးတော့ လမ်းစရိတ် တော်တော်ကြီးတယ်။ ၅၊ ၆ သောင်းလောက်ကို ကုန်ကျမှုရှိနေတာပါ။ ငွေထုတ်ခကလည်း ကြီး၊ လမ်းစရိတ်ကလည်း များတော့ ငွေ ၅ သိန်းထုတ်ရင် လက်ထဲ ဘယ်လောက်မှ မကျန်တော့ဘူး။ ‌ငွေထုတ်ဖို့အတွက် အင်တာနက်လိုင်းရတဲ့နေရာဆီ လာရတယ်။ ကျနော်တို့ ရခိုင်ပြည် တောင်ပိုင်းမှာက ရွာတိုင်းမှာ အင်တာနက်လိုင်း ရနေတာ မဟုတ်ဘူး။ တခြား အင်တာနက်ရတဲ့ ရွာတွေဆီသွားပြီး ငွေသွားထုတ်ရတယ်။ ဒီမှာကျန်ခဲ့တဲ့ မိသားစုတွေအတွက်တော့ ဘယ်လိုမှ မလောက်ငတော့ဘူးလေ။ ပြီးရင် ဒီမှာက ရခိုင်မြောက်ပိုင်းက ကုန်စည်တွေကို အဓိက မှီခိုနေရတာ။ ခုက အဲဒီမှာလည်း ကုန်စည်စီးဆင်းမှု ရပ်တန့်နေတော့ ဒီတောင်ပိုင်းဘက်ကျတော့ ပိုဆိုးသွားတာပေါ့။ အဲဒီမှာ ကြက်ဥတလုံး ၅၀၀ ဖြစ်တဲ့အချိန်တောင် ဒီမှာ ၁,၀၀၀ ပေးဝယ်ရတာ။ ကုန်ဈေးနှုန်းက ၂ ဆလောက်ကို တက်နေတာ” လို့ ပြောပါတယ်။

လက်ရှိမှာ အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရက ကိုယ်ပိုင်ဘဏ်စနစ် တည်ဆောက်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပေမဲ့ မြေပြင်မှာတော့ ငွေသားရှားပါးမှုပြဿနာကို ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။

ရခိုင်ဒေသတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ငွေထုတ်ခ ကြီးမြင့်မှုနဲ့အတူ စစ်ဘေးဒဏ်တွေကြားမှာ ရခိုင်ပြည်သူတွေဟာ ခါးစည်းခံရင်ဆိုင်နေကြရပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရေးတကြီး လိုအပ်နေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013