
ရုရှားသမ္မတ ပူတင်က မေ ၂၁ ရက်မှာ ရုရှား-ဘယ်လာရုစ် ပူးတွဲ နျူကလီးယား စစ်ရေးလေ့ကျင့်မှု အပြည့်အဝ ပြီးမြောက်အောင်မြင်ခဲ့ပြီလို့ ပြောလိုက်ပြီး ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုနဲ့အတူ စစ်ရေးလေ့ကျင့်မှုကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သူတို့တပ်ဖွဲ့တွေဟာ ဘယ်လာရုစ်နဲ့ ပူးတွဲလုပ်ဆောင်တဲ့ နျူကလီးယား စစ်ရေးလေ့ကျင့်မှုအတွင်း ဒုံးကျည်စမ်းသပ်မှုတွေရဲ့ အစိတ်အပိုင်းအနေနဲ့ ယားစ် ပဲ့ထိန်းဒုံးကျည်တစင်းနဲ့ ဇာကွန်ဟိုက်ပါဆောနစ် ဒုံးကျည်တစင်းတို့ကို ပစ်လွှတ်ခဲ့တယ်လို့ မေ ၂၁ ရက်မှာ ပြောပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုရဲ့ အစိတ်အပိုင်းတခုအနေနဲ့ ရုရှားဟာ ဘောရီအမျိုးအစား နျူကလီးယား စွမ်းအင်သုံး ပဲ့ထိန်းဒုံးကျည်တင် ရေငုပ်သင်္ဘော၊ Il-38 ရေငုပ်သင်္ဘောဖျက်လေယာဉ်၊ အသံထက်မြန်တဲ့ ကင်ဇားလ် ဟိုက်ပါဆောနစ်ဒုံးကျည် တပ်ဆင်ထားတဲ့ MiG-31 တိုက်လေယာဉ်နဲ့ RS-24 ယားစ်တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေကို ပြသခဲ့ပါတယ်။
မေ ၁၉ ရက်ကတည်းက ရုရှားနဲ့ ဘယ်လာရုစ်တခွင်မှာ စတင်ခဲ့တဲ့ ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှုမှာ မဟာဗျူဟာမြောက် ဒုံးကျည်တပ်ဖွဲ့တွေ၊ မြောက်ပိုင်းနဲ့ ပစိဖိတ် ရေတပ်စုတွေ၊ အဝေးပစ် လေကြောင်းတပ်ဖွဲ့တွေအပြင် လီနင်ဂရက်နဲ့ ဗဟိုစစ်ဌာနချုပ်တွေက တပ်ဖွဲ့ဝင်တွေ ပါဝင်ပါတယ်။
ဒီစမ်းသပ်လေ့ကျင့်မှုတွေဟာ နှစ်ပေါင်းများစွာအတွင်း ရုရှားရဲ့ အကြီးမားဆုံး နျူကလီးယား စစ်ရေးလေ့ကျင့်မှုတွေထဲက တခုဖြစ်လာခဲ့ပြီး ကျူးကျော်မှု ဖြစ်ပွားလာရင် နျူကလီးယား တပ်ဖွဲ့တွေကို ပြင်ဆင်မှုနဲ့ အသုံးပြုမှုဆိုင်ရာ လုပ်ငန်းတွေအတွက် လူပေါင်း ၆၄,၀၀၀ ပါဝင်တဲ့ တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးခဲ့တာ ဖြစ်ပါတယ်။











