DVB Logo
Home
Lead Story
မှိန်ပြပြ အလင်းရောင်အောက်က မီဒီယာ လျှောက်လမ်း
DVB
·
December 11, 2018
မှိန်ပြပြ အလင်းရောင်အောက်က မီဒီယာ လျှောက်လမ်း
Donate to DVB

မီဒီယာလောက ကျဆုံးနေပြီ

ကြံ့ခိုင်ဖွံ့ဖြိုးရေးအစိုးရ လက်ထက်ကထက် ပိုဆိုးနေပြီ

သတင်းစာတွေ တစောင်ပြီးတစောင် ရပ်ဆိုင်းကုန်ပြီ

ကြော်ငြာတွေကို အစိုးရသတင်းစာက လက်ဝါးကြီး အုပ်ထားတယ်

သတင်းသိပိုင်ခွင့်တွေ မရဘူး

နိုင်ငံတော်အတိုင်ပင်ခံက မီဒီယာကို အဆိုးမြင်နေတယ်

ပြန်ဝန်ရဲ့ မိန့်ခွန်းဟာ ဒီမိုကရေစီလမ်းကြောင်းနဲ့ မကိုက်ညီဘူး

မီဒီယာသမားတွေဟာ ငွေကြေးထောက်ပံ့သူတွေရဲ့ အလိုကို လိုက်နေရတယ်

စတဲ့ အတိတ်မေ့သူတွေရဲ့ တောခြောက်သံတွေကြားမှာ ကျနော်မျိုး ယုန်သူငယ် သတင်းထောက်တယောက်ဟာ မျက်စိသူငယ် နားသူငယ်နဲ့ မပြေးတတ် မလွှားတတ်၊ မပုန်းတတ် မကွယ်တတ်။

မှန်ကန်တဲ့သတင်းစကားတွေကို အမှောင်ခေတ်ရဲ့ လမ်းပြကြယ်အဖြစ် အားပြုရင်း ပြေးလွှားခဲ့ရ။ သတင်းသမားဖြစ်ခဲ့ရ။ ခုတော့ ဆူးခြုံတွေဝန်းရံနေတဲ့ သတင်းတောနက်ထဲကို ရောက်နေပြီလား။ စိုးရိမ်စိတ်တွေက တဖွားဖွား။

မှိန်ပြပြ ဒီမိုကရေစီ အလင်းအောက်မှာ လျှောက်လမ်းတွေကို ရေးတေးတေး မြင်လာပေမယ့် လမ်းတွေက အလိမ်အကောက် အတက်အဆင်းတွေနဲ့ ရှုပ်ထွေးနေပါတယ်။ အချို့က အရှေ့ဘက်ကို ဦးတည်နေသလို အချို့က အနောက်ဘက်ကို ဦးလှည့်နေပါတယ်။ အချို့က တောင်ဘက်ကို လမ်းညွှန်နေသလို အချို့က မြောက်ဘက်ကို လမ်းပြနေပါတယ်။ အချို့လမ်းတွေက အရှေ့ဘက်ကို ဦးတည်နေပေမယ့် အနောက်ဘက်ကို ကွေ့နေပါတယ်။ အချို့က တောင်ဘက်ကို လမ်းညွှန်ထားပေမယ့် မြောက်ဘက်ကို ဦးတည်နေပါတယ်။

အချို့လမ်းတွေက ချောမွေ့တဲ့ အဆင်းလမ်း။ အချို့လမ်းတွေက ကြမ်းတမ်းတဲ့ အတက်လမ်း။ အချို့လမ်းတွေက ဖြောင့်ဖြောင့်တန်းတန်း အချို့လမ်းတွေက ကွေ့ကွေ့ကောက်ကောက်။ အချို့လမ်းတွေက ပန်းခင်းလမ်း။ အချို့လမ်းတွေက ဆူးခင်းလမ်း။ ကျေန်ာတို့ ဘယ်လမ်းကို လိုက်ကြမလဲ။ ဘယ်ကိုဦးတည်ကြမလဲ။

ဦးတည်ရာလမ်းကြောင်း (trend) ကို ရှင်းရှင်းလင်းလင်းသိထားမှ ပြဿနာ (issue) တခုချင်းဆီကို ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် ကျော်လွှားနိုင်မယ်ဆိုတဲ့ အသိနဲ့ ရှေ့ကို တလှမ်းချင်း တိုးနေရပါတယ်။ ပင်မရေစီးအသစ်နဲ့အတူ လိုက်ပါရင်း ရလဒ်ကောင်းတွေရဖို့ ကြိုးစားရပါမယ်။ ပြဿနာတွေကို ဆန်စင်ရာ ကျဉ်ပွေ့လိုက်သလို ဖြေရှင်းမိရင်တော့ လမ်းကြောင်းတွေ၊ ဦးတည်ချက်တွေ ပျောက်ကုန်မှာ သေချာပါတယ်။

လူ့အခွင့်အရေး ပျားရည်အုပ်ထားတဲ့ အစွန်းရောက် ဘာသာရေးတွေလား

တရားမျှတရေး သကာရည်လောင်းထားတဲ့ ခေတ်ပျက်သူဌေးတွေ ပြန်လည်ခေါင်းထောင်ရေးလား

မျိုးချစ်စိတ် အချိုရည်ဖုံးထားတဲ့ လက်နက်ကိုင်ရမ်းကားခွင့်တွေလား

ဒီလမ်းတွေကို မလိုက်မိဖို့ သတိကြီးကြီးထားနေရ။

အခွင့်ရေးသမားတွေ ပစ်လွှတ်တဲ့ မီးရှူးမီးပန်း အလင်းတုအောက်က အသူရာချောက်ထဲ ဆင်းမယ့် လမ်းတွေကို ရှောင်ကွင်းရင်း သခင်ကိုယ်တော်မှိုင်း၊ ဂျာနယ်ဂျော်ဦးချစ်မောင်၊ အယ်ဒီတာကိုအောင်ဆန်း၊ ဗန်းမော်တင်အောင်၊ ဟံသာဝတီ ဦးဝင်းတင် တို့ရဲ့ လျှောက်ခဲ့တဲ့ ခြေရာအတိုင်း ထပ်ချပ်မခွာ လျှောက်လှမ်းဖို့ ကြိုးစားနေရ။

အချို့လမ်းတွေက အရှေ့ဘက်ကို ဦးတည်နေပေမယ့် အနောက်ဘက်ကို ကွေ့နေပါတယ်။ အချို့က တောင်ဘက်ကို လမ်းညွှန်ထားပေမယ့် မြောက်ဘက်ကို ဦးလှည့်နေပါတယ်။ မှိန်ပြပြ ဒီမိုကရေစီ အလင်းရောင်အောက်မှာ လျှောက်လမ်းတွေကို ဝေဝေဝါးဝါး မြင်နေရပါပြီ။ အရှေ့မှာ အရုဏ်ဦးအလင်း။ အမှောင်ကိုနှုတ်ဆက်လို့ ထွက်ခဲ့ပြီ။

သားကြီးမောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013