
မန်စီးတီးဟာ အဲဗာတန်နဲ့ပွဲမှာ ဒိုကူရဲ့ နာကျင်အချိန်ပို အံ့ဖွယ်ချေပဂိုးကြောင့် (၃-၃) ဂိုးနဲ့ သရေတမှတ် ရရှိခဲ့ပေမဲ့ ချန်ပီယံဆုအတွက် အာဆင်နယ်ကို အခွင့်အရေးပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။
ဒိုကူရဲ့ ဦးဆောင်ဂိုးနဲ့ ပထမပိုင်းမှာ အသာရခဲ့ပေမဲ့ ဒုတိယပိုင်းမှာ အဲဗာတန်ရဲ့ ၁၃ မိနစ်အတွင်း ၃ ဂိုးဆက်သွင်းမှုကို ခံခဲ့ရလို မန်စီးတီးတို့ အသည်းအသန် ရုန်းကန်ခဲ့ရတာပါ။
မန်စီးတီးအတွက် ဟာလန်းက ချေပဂိုးတဂိုး ပြန်သွင်းခဲ့ပြီး ပွဲပြီးခါနီးမှာ ဒိုကူကပဲ အဝေးကန်ချက်နဲ့ ချေပဂိုး ထပ်သွင်းပေးခဲ့လို့ အရှုံးကနေ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီသရေရလဒ်ကြောင့် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်ထက် တပွဲလျော့ အခြေအနေမှာ ၅ မှတ် ကွာဟသွားပါတယ်။
အာဆင်နယ်အနေနဲ့ ကျန်ရှိတဲ့ ၃ ပွဲစလုံး အနိုင်ရပါက ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်သွားမှာ ဖြစ်ပါတယ်။










