
မကွေးတိုင်း၊ ဆောမြို့နယ်မှာ ဇူလိုင် ၂၄ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးတပ်စခန်းဟောင်း တခုကို ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်တပ်လက်အောက်ခံတပ်ဖွဲ့ဝင် အများအပြား သေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ယောဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “လောင်းရှည်ဘက်ကနေ ချင်းပြည်နယ်ဘက်ကို စစ်ကူသွားမဲ့ အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်းက ဆောနဲ့ လောင်းရှည်ကြားမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က စွန့်ပစ်ထားတဲ့ စခန်းဟောင်းကို ဝင်စီးပြီး ပြန်ထွက်လာတဲ့ အချိန်မှာ ဒီဘက်ကအဖွဲ့တွေဘက်က ပြန်ပြီး လမ်းကနေ ဖြတ်တိုက်ခဲ့ကြတာ” လို့ ပြောပါတယ်။
အဆိုပါစခန်းဟောင်းဟာ ဂန့်ဂေါခရိုင် တပ်ရင်း ၆ ရဲ့ စခန်းဟောင်းဖြစ်ပြီး တိုက်ပွဲဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့ အဆိုပါတပ်ရင်းဆီကို DVB က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်း နဲ့အင်တာနက်လိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။
ဂန့်ဂေါအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အဲဒီတိုက်ပွဲဖြစ်စဥ်နဲ့ တိုက်ပွဲမှာ စစ်တပ် စစ်ကြောင်းဘက်က သေဆုံး၊ ထိခိုက်တာ များပြီးတော့ ပစ္စည်းတွေထားပြီး ထွက်ပြေးသွားကြတယ်။ RPG တွေ အပါအဝင် လက်နက်ခဲယမ်းအများအပြားနဲ့ မော်တော်ယာဥ်တွေ၊ ရိက္ခာတွေ သိမ်းဆည်းနိုင်ခဲ့တယ်။ တိုက်ပွဲထဲမှာပါခဲ့တဲ့ တပ်ရင်းတွေဘက်က သတင်းမထုတ်ပြန်သေးတော့ ကျနော့်ဘက်က ကြိုပြီးပြောဖို့ဆိုတာတော့ အဆင်မပြေသေးဘူး။ နောက်ပြီး ခရိုင် တပ်ရင်း ၆ ဘက်ကလည်း သတင်းမထုတ်ပြန်သေးဘူးဗျ။ စစ်တပ်ထောက်ခံတဲ့ ချန်နယ်တွေက တင်ထားတဲ့ပုံတွေကလည်း အဲဒီစွန့်ပစ်ထားတဲ့စခန်းကပုံတွေဖြစ်ပြီး စစ်ကြောင်းတိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံး ဆုံးရှုံးတာတွေကိုတော့ စစ်တပ်ဘောမတွေ မဖော်ပြရဲကြဘူး”လို့ ပြောပါတယ်။
အဲဒီစစ်တပ်စစ်ကြောင်းဟာ ဇူလိုင် ၁၁ ရက်က ပွင့်ဖြူမြို့နယ်ဘက်ကနေ အင်အား ၄၀၀ ကျော်နဲ့ စတင်ထွက်ခွာလာစဥ် လမ်းမှာ စစ်ကြောင်းတွေခွဲပြီး ကျေးရွာတွေအတွင်းကို ဝင်ရောက်စီးနင်းကာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့လပိုင်းက စတင်ပြီး မကွေးတိုင်းတောင်ပိုင်းရှိတဲ့ ဂန့်ဂေါ၊ ဆော၊ ကျောက်ထုနဲ့ လောင်းရှည်မြို့နယ်တွေထဲကို စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းတွေ ဝင်ရောက်နေတာကြောင့်လည်း ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင် ထွက်ပြေးနေကြရတာလည်း ဖြစ်ပါတယ်။
Photo: မှိုင်းဝေ










