DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လူထုချီတက်ပွဲ မုံရွာတွင် ပြုလုပ်
DVB
·
December 9, 2018
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လူထုချီတက်ပွဲ မုံရွာတွင် ပြုလုပ်
1 / 5
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး လူထုလမ်းလျှောက်ချီတက်ပွဲကို ဒီဇင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း ဦးဆောင်တဲ့ ဒီလူထုလမ်းလျှောက်ချီတက်ပွဲက ၁၆ ရက်တာ ဖဲကြိုးဖြူလှုပ်ရှားမှုရဲ့ တစိပ်တပိုင်းအဖြစ်ကျင်းပတာဖြစ်ပြီး ကျောင်းသားကျောင်းသူတွေ၊ သူနာပြုတွေ၊ ဌာနဆိုင်ရာတွေ၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေး လှုပ်ရှားသူတွေ၊ ပြည်သူတွေ စုစုပေါင်း ၁ ထောင်ဝန်းကျင် တက်ရောက်ခဲ့ကြတာပါ။

လမ်းလျှောက်ပွဲကို မြို့တော်ခန်းမရှေ့ကနေ ဗိုလ်ချုပ်လမ်း၊ မိတ်ဆက်လမ်း၊ ပြည်ထောင်စုလမ်း၊ ဘူတာလမ်းတို့အတိုင်း ချီတက်ခဲ့ကြပြီး မြို့တော်ခန်းမရှေ့မှာ ပြန်လည်ပြီးဆုံးခဲ့ပါတယ်။

ချီတက်ရာလမ်းတလျှောက် အကြမ်းဖက်မှုပပျောက်ရေး အမျိုးသမီးများအသံ နားထောင်ပေး၊ အမျိုးသမီးများအပေါ် စာနာပါ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်၊ ရင်ခွင်မဲ့ကလေးလျှော့ချရေး၊ သက်ငယ်မုဒိမ်းမှု ပပျောက်ရေး စတဲ့ ပိုစတာတွေကိုလည်း ကိုင်ဆောင်ခဲ့ကြပြီး လက်ကမ်းစာစောင်တွေလည်း ဖြန့်ဝေခဲ့ကြပါတယ်။

ဖဲကြိုးဖြူလှုပ်ရှားမှုကို နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့ထိ ၁၆ ရက်တာ ကာလအဖြစ် မြန်မာနိုင်ငံ တဝှမ်းလုံးအပြင် ကမ္ဘာနိုင်ငံတွေမှာလည်း ကျင်းပနေတာဖြစ်ပါတယ်။

အခုလို လှုပ်ရှားမှုတွေ ပြုလုပ်ခြင်းအားဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ လျော့နည်းသွားမယ်လို့လည်း လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

ဒီဇင်ဘာလအတွင်း စစ်ကိုင်းတိုင်းမှာ မုဒိမ်းမှု အနည်းဆုံ ၅ မှုဖြစ်ပွားခဲ့ပြီး အများစုက သက်ငယ်မုဒိမ်းမှုတွေဖြစ်ပါတယ်။ ဒါ့အပြင် လသားအရွယ် ကလေးငယ်စွန့်ပစ်မှုတွေလည်း ကြုံတွေ့နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013