
ရန်ကုန်မှာ ငလျင်လှုပ်ခတ်ခဲ့တဲ့အတွက် ရန်ကုန်မြို့နေ ပြည်သူတွေ ထိတ်လန့်ခဲ့ရပြီး ငလျင် ဖြစ်လာရင် တိမ်းရှောင်နိုင်အောင် အဆင်သင့်ပြင်ဆင်ထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မေ ၁၈ ရက် မနက် ၈ နာရီခွဲဝန်းကျင်က ရန်ကုန်မြို့နဲ့ ၁၇ မိုင်ဝန်းကျင်ကို ဗဟိုပြုပြီး အင်အား ၅ ဒသမ ၂ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ ငလျင်ပညာရှင်တွေက ဆိုပါတယ်။
ဒါဟာ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး ရက်ပေါင်း ၄၀၀ ကျော်အတွင်း လှုပ်ခတ်ခဲ့တဲ့ ငလျင်ငယ် တွေထဲမှာ အင်အားအပြင်းဆုံးလည်း ဖြစ်ပါတယ်။
ငလျင်လှုပ်ခတ်မှုကို စမ်းချောင်း၊ ကမာရွတ်၊ လသာ၊ ပန်းဘဲတန်း၊ ဗဟန်း၊ မရမ်းကုန်း၊ သာကေတ၊ ဒေါပုံ၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်နဲ့ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းမြို့နယ်တွေမှာ နေထိုင်သူတွေက သိသိသာသာ ခံစားခဲ့ရတာပါ။
ငလျင်လှုပ်ခတ်မှု အနည်းငယ် ပြင်းထန်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေ ကြီးမားလာမှာကို စိုးရိမ် နေကြရသလို အထပ်မြင့်တိုက်ခန်းတွေမှာ နေထိုင်သူတွေကတော့ အသက်အန္တရာယ်အတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်နေရတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
“ကြောက်တယ်၊ တိုက်တွေက နှစ်လွန်နေပြီး နှစ်အစိတ်ကို လွန်နေပြီ။ သဘာဝဘေးကလည်း သတိပေးနေပြီဆိုတော့ အဆောက်အအုံ ပြိုမှာတို့ ဘာတို့ဆိုရင် ဝေးဝေးလေး အိမ်နဲ့လှမ်းတဲ့ နေရာမျိုး ပြေးဖို့ပေါ့။ အရင်တုန်းကတော့ မန္တလေးပေါ့၊ အခု ရန်ကုန်ကိုတော့ တားဂတ် ပေးလိုက် တာပေါ့။ ကြောက်လန့်နေရတာပေါ့၊ ပြင်ဆင်ထားရတာပေါ့၊ စာရွက်စာတမ်းတွေ၊ ဘာညာ အမြဲထည့် ထားတယ်၊ ဆေးဝါးတို့ ဘာတို့ပေါ့၊ အဝတ်အစားတို့ ဘာတို့ဆိုရင်လည်း အမြဲထုတ်ထား တယ်လေ။”
မေ ၁၈ ရက်က ငလျင်လှုပ်ခတ်ခဲ့တဲ့ ဗဟိုချက်ရဲ့ အရှေ့ဘက် ၂၅ ကီလိုမီတာ ဝန်းကျင်မှာ စစ်ကိုင်းပြတ်ရွေ့ တည်ရှိနေသလို ရန်ကုန်မြို့တွင်းမှာလည်း ပြတ်ရွေ့ ၂ ခု ရှိနေတယ်လို့ ငလျင်ပညာရှင်တွေက ထောက်ပြထားပါတယ်။
အဆိုပါ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း မေ ၁၉ ရက် နေ့လယ်ပိုင်းအထိ ငလျင်ငယ် ၃ ကြိမ်ထက် မနည်း ထပ်မံလှုပ်ခတ်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ၁၉၃၀ ပြည့်နှစ်တုန်းက ရန်ကုန်မြို့နဲ့ ကီလိုမီတာ ၃၀ ခန့်အကွာ စစ်ကိုင်းပြတ်ရွေ့ရဲ့ ပဲခူးအစိတ်အပိုင်းမှာ ပဲခူးငလျင်ကြီး လှုပ်ခတ်ခဲ့ဖူးပြီး အဲဒီတုန်းက ပဲခူးနဲ့ ရန်ကုန်မှာ လူဦးရေ ၆၀၀ နီးပါး သေဆုံးခဲ့ဖူးပါတယ်။
ပြတ်ရွေ့တခုမှာ ပြင်းအား ရစ်ချ်တာစကေး ၇ အထက်ရှိတဲ့ ငလျင်ကြီးတခု လှုပ်ခတ်ဖို့ နှစ် ၁၀၀ ဝန်းကျင် ကြာမြင့်လေ့ရှိတာကြောင့် ရန်ကုန်နဲ့ ပဲခူး ပတ်ဝန်းကျင်က ပြည်သူတွေအနေနဲ့ ဘေးအန္တရာယ်ကို သတိအမြဲရှိနေကြဖို့ ငလျင်ပညာရှင်တွေက သတိပေးထားပါတယ်။
ငလျင်ပညာရှင် ဦးမျိုးသန့်က “၁၉၃၀ က ရန်ကုန်မြို့ရဲ့ အခြေအနေနဲ့ ၂၀၂၆ ရဲ့ ရန်ကုန်မြို့ရဲ့ အခြေအနေက မတူတော့ဘူး။ ၂၀၁၉ သန်းခေါင်စာရင်းမှာတင် ရန်ကုန်မြို့ရဲ့ လူဦးရေသည် ၆ သန်းနီးပါး ရှိနေပြီ။ နောက်တခါ အမျိုးမျိုးသော အဆောက်အအုံတွေ၊ သက်တမ်းကြာမြင့်နေတဲ့ အဆောက်အအုံတွေ၊ အထပ်နိမ့် အထပ်မြင့် အမျိုးအစားပေါင်းစုံကလည်း တိုးတက်များပြား လာတယ်။ ဒါကြောင့်မလို့ အန္တရာယ်ရှိတယ်လို့ ပြောလို့ရမယ်။ ဒါ့အပြင် ငလျင်လှုပ်တဲ့ နေရာနဲ့ မဝေးတဲ့နေရာတွေ ဆိုရင်တော့၊ အတန်အသင့် မဝေးတဲ့ နေရာတွေ ဆိုရင်တော့ သတိထားရမဲ့ သဘော ရှိတယ်” လို့ ပြောပါတယ်။
ဒါကြောင့် အဆောက်အအုံ သက်တမ်းရင့်ပြီး လူဦးရေသိပ်သည်းလာတဲ့ ရန်ကုန်နဲ့ ပဲခူး ပတ်ဝန်းကျင် က ပြည်သူတွေအနေနဲ့ ဘေးအန္တရာယ်ကို သတိအမြဲရှိနေကြဖို့ ငလျင်ပညာရှင်တွေက သတိ ပေးထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လမှာ လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် စစ်ကိုင်းမြို့၊ မန္တလေးမြို့၊ ပျော်ဘွယ်၊ ပျဥ်းမနား စတဲ့ မြို့ကြီးတွေမှာပါ လူပေါင်း ၃,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၃,၀၀၀ နီးပါး ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါ့အပြင် ငလျင်သက်ရောက်မှုရှိတဲ့ မြို့နယ်တွေရှိ လူနေအိမ်နဲ့ အဆောက်အအုံပေါင်း ၈၀,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရပါတယ်။
သီရိ










