
ထိုင်းမြောက်ပိုင်း ကမ်ဖိုင်ဖစ်ခရိုင်ထဲမှာ မတ် ၁၉ ရက် မနေ့က ကြက်သွန်နီတွေ တင်ဆောင်လာတဲ့ ကားတစီး ဓာတ်မီးတိုင် ဝင်တိုက်လို့ ပျက်စီးသွားပြီး အဆိုပါကားပေါ်ကနေ စိတ်ကြွဆေးပြား ၃ သန်း ခန့် ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ပရက်စ်သတင်းမှာ ဖော်ပြပါတယ်။
မတ် ၁၉ ရက် မနက် ၆ နာရီလောက်က ကမ်ဖိုင်ဖစ်ခရိုင် ခါနုဝွန်းလတ်ဆပူရီမြို့နယ်၊ ခုန့်ဖိုင်အုပ်စု ခလောင်းနမ့်ယင်တိုက်ရွာအနီး ဖဟွန်ယိုးထင်းလမ်းပေါ်မှာ ကြက်သွန်နီတင်ကားတစီး မတော်တဆ ထိခိုက်မှုရှိပြီး လမ်းဘေးထိုးကျနေကြောင်း ၁၉၁ အရေးပေါ်ရဲတပ်ဖွဲ့က အကြောင်းကြားတာ ကြောင့် သွားရောက်စစ်ဆေးခဲ့တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ ချင်းမိုင်နံပါတ်ပြားနဲ့ မီးခိုးရောင် ဟိုင်းလပ်စ်ကားတစီး၊ အနောက်က သံပေါင်းမိုးပြုတ်ထွက်ပြီး ကားခေါင်းတခုလုံး ပျက်စီးတဲ့အနေအထားနဲ့ လမ်းဘေးကို ထိုးကျ နေတယ်၊ အနားက ဓာတ်မီးတိုင် တတိုင်လည်း အတိုက်ခံထားရပြီး ကျိုးနေတယ်၊ ယာဉ်မောင်းနဲ့ စီးနင်းလိုက်ပါသူ တဦးတယောက်မှ မတွေ့ရဘူး၊ ကားနောက်မှာတော့ ကြက်သွန်နီအိတ်တွေ ဖိတ်စင် ပြန့်ကြဲနေပါတယ်။
ကြက်သွန်နီအိတ်တွေနဲ့အတူ အနက်ရောင်နဲ့ အဖြူရောင် မြွေရေခွံအိတ် ၁၅ လုံးပါ တွေ့ရတယ်၊ ဖွင့်ဖောက်စစ်ဆေးရာမှာတော့ အထဲမှာ စိတ်ကြွဆေးပြားတွေ တွေ့ရှိပြီး စုစုပေါင်း ၃,၀၀၀,၀၀၀ ခန့် ရှိမယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းပါတယ်။
တာဝန်ရှိသူတွေဟာ ကားထဲကနေ ယာဉ်နဲ့ ယာဉ်မောင်းဆိုင်ရာ အထောက်အထားတွေ ရှာဖွေ စစ်ဆေးပြီး လိုအပ်သလို အရေးယူဖို့ ကွင်းဆက်တွေ ဆက်လက်စုံစမ်းထောက်လှမ်းသွားမယ်လို့ ဆိုပါတယ်။
Source: Maesaipress










