
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့၊ ဝမ်လန်းကျေးရွာအနီး မဲခေါင်မြစ်ထဲမှာ တရားမဝင် ရွှေတူးဖော်နေတဲ့ တရုတ်နိုင်ငံသား ၁၇ ယောက်နဲ့ လာအိုနိုင်ငံသား ၂ ယောက်ကို ဇွန် ၁၉ ရက် နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ စစ်အာဏာရှင်က သတင်းထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်အရ ဝမ်လန်းကျေးရွာအနီး မဲခေါင်မြစ်ထဲမှာ ရွှေမျောဖောင် ၂ စီးနဲ့ တရားမဝင် ရွှေတူးနေချိန် ဖမ်းမိခဲ့တာဖြစ်ပြီး ပထမနေရာမှာ တရုတ်နိုင်ငံသား ၁၁ ယောက်နဲ့ လာအိုနိုင်ငံသား ၂ ယောက်၊ ဒုတိယနေရာမှာ တရုတ်နိုင်ငံသား ၆ ယောက်ကို ဖမ်းမိခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် ရွှေတူးရာမှာသုံးတဲ့ စက်ပစ္စည်းတွေ၊ မီးစက်၊ လေအိုးနဲ့ ရွှေမျောစင်တွေကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ပြောပါတယ်။
ဒေသခံတယောက်က “ဒီမဲခေါင်မြစ်ဘက်မှာ ရွှေခိုးတူးတာက အရင်ကတည်းက ရှိနေတယ်။ အခုလို ဖမ်းတာတွေရှိပေမဲ့ တချို့ကတော့ ဆက်လုပ်နေကြတုန်းပဲ။ ရွှေတူးတာကြောင့် မြစ်ရေတွေ ညစ်လာတယ်၊ ကမ်းပါးတွေလည်း ပြိုလာတယ်။ ဒေသခံတွေအနေနဲ့တော့ အခုလို အခြေအနေကို စိုးရိမ်နေကြတာ ကြာပြီ။ တကယ်တမ်းတော့ အမြဲတမ်းစောင့်ကြည့်ပြီး ထိထိရောက်ရောက် တားဆီးနိုင်မှ အဆင်ပြေမယ် ထင်တယ်”လို့ ပြောပါတယ်။
အခုလို တရားမဝင် သယံဇာတတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့ မြစ်ချောင်း ထိခိုက်မှုတွေ ဖြစ်နိုင်တာကြောင့် ထိထိရောက်ရောက် အရေးယူသွားမယ်လို့လည်း စစ်အာဏာရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။










