DVB Logo
Home
နိုင်ငံတကာ
ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ထားဆဲဟု အီရန် ပြော
DVB
·
April 19, 2026
Photo: REUTERS/Stringer/File Photo
Photo: REUTERS/Stringer/File Photo
Donate to DVB

အမေရိကန်ရေတပ်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားတယ်လို့ ပြောနေပေမဲ့ အီရန်က ရေလက်ကြားကို ထိန်းချုပ်ထားတုန်းပဲလို့ အီရန်လွှတ်တော်ဥက္ကဋ္ဌနဲ့ အကြီးတန်းညှိနှိုင်းရေးမှူး မိုဟမ်မဒ် ဘာကာကာလီဘက်ဖ်က ဧပြီ ၁၈ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ လူတွေ့ မေးမြန်ခန်းမှာ ပြောပါတယ်။

ဆက်ပိတ်ဆို့ထားမယ်ဆိုရင် အီရန်အစိုးရက မဟာဗျူဟာမြောက် ရေလမ်းကြောင်းကတဆင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ချမှတ်နိုင်တယ်လို့ ကာလီဘတ်ဖ်က သတိပေးခဲ့ပါတယ်။

ဧပြီ ၁၆ ရက်မှာ အစ္စရေးနဲ့ လက်ဘနွန်တို့အကြား အမေရိကန်က ကြားဝင်စေ့စပ်ပေးတဲ့ ၁၀ ရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တရပ်အပြီး ဟော်မုဇ်ရေလက်ကြားကို ယာယီပြန်ဖွင့်လိုက်ပြီလို့ အီရန်အစိုးရက ကြေညာခဲ့ပါတယ်။

အီရန်နဲ့ မဟာမိတ် ဟစ်ဇ်ဘိုလာစစ်သွေးကြွအဖွဲ့က မတ်လအစောပိုင်းမှာ တိုက်ပွဲထဲ ပါလာပြီးတဲ့နောက် အစ္စရေးက လက်ဘနွန် တောင်ပိုင်း အစိတ်အပိုင်းတွေကို ကျူးကျော်ခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်ရဲ့ ထပ်ခါတလဲ ချိုးဖောက်မှုတွေနဲ့ ပိတ်ဆို့မှုကိုအယောင်ပြပြီး “ပင်လယ်ဓားပြ” လုပ်ရပ်တွေလို့ အီရန်က ရည်ညွှန်းတဲ့ ကိစ္စတွေအတွက် ရေလက်ကြားကတဆင့် ဖြတ်သန်း သွားလာမှုဟာ အီရန်ရဲ့ တင်းကျပ်တဲ့ စစ်ရေးထိန်းချုပ်မှု အခြေအနေဆီ ဒုံရင်း ပြန်ရောက်သွားပြီလို့ အီရန် လက်နက်ကိုင်တပ်ဖွဲ့တွေက စနေနေ့မှာ ပြောပါတယ်။

အမေရိကန်တပ်ဖွဲ့တွေက အီရန်အပေါ် ရေကြောင်းပိတ်ဆို့မှုကို ပြဋ္ဌာန်းနေတယ်လို့ အမေရိကန်ဗဟိုကွပ်ကဲမှုဌာနက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပေမဲ့ အီရန်ရဲ့ နောက်ဆုံးလုပ်ရပ်တွေအပေါ် မှတ်ချက်မပေးပါဘူး။

အခြေအနေတွေက မရေမရာ ဆက်ဖြစ်နေလို့ ဟော်မုဇ်ရေလက်ကြားကို လှည့်ပတ်နေတဲ့ သင်္ဘောတွေ နောက်ကြောင်းပြန်လှည့်သွားတာကို Marine Traffic အင်တာနက်စာမျက်နှာရဲ့ သင်္ဘောခြေရာခံဒေတာတွေမှာ တွေ့ရပါတယ်။

အီရန်သင်္ဘောတွေအပေါ် အမေရိကန်ရဲ့ ကန့်သတ်ချက်တွေ ရုပ်သိမ်းတဲ့အထိ ဧပြီ ၁၈ ရက် မွန်းလွဲပိုင်းကစပြီး ဟော်မုဇ်ရေလက်ကြားကို အီရန် တော်လှန်ရေးအစောင့်တပ်ရဲ့ ရေတပ်က ပိတ်ထားခဲ့တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

အီရန် ဆိပ်ကမ်းတွေကို အမေရိကန်က ဆက်ပိတ်ဆို့ထားခြင်းဟာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းဖြစ်ပြီး ရေလမ်းကြောင်းပိတ်တာက အီရန်ရဲ့တုံ့ပြန်ချက်ဖြစ်တယ်လို့ အီရန်အစိုးရက ပြောပါတယ်။

အီရန်ရဲ့ အမြင့်ဆုံး ခေါင်းဆောင်မိုဂ်ျတာဘာ ခါမေနီက အီရန်ရေတပ်ဟာ ခါးသီးတဲ့ ရှုံးနိမ့်မှုအသစ်တွေကို ရန်သူတွေ ရင်ဆိုင်ရအောင်လုပ်ဖို့ အသင့်ရှိနေတယ်လို့ ပြောပါတယ်။

အီရန်ဟာ ရေလမ်းကြောင်းကို ပိတ်ခြင်းအားဖြင့် အမေရိကန်ကို ခြိမ်းခြောက်လို့ မရဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013