
ကြက်ဥဈေးနှုန်း အဆမတန်တက်လာပြီးနောက် ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆွေးနွေးခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က ဇူလိုင် ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အမှုဆောင်တွေနဲ့ မြန်မာနိုင်ငံ ကြက်၊ ဘဲ မွေးမြူထုတ်လုပ် ရောင်းချသူများအသင်း၊ ကြက်ဥ၊ ဘဲဥ ဖြန့်ဖြူးရောင်းချသူများ အစုအဖွဲ့တို့ ဇူလိုင် ၁၇ ရက်မှာ ကြက်ဥ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု အခြေအနေ သုံးသပ်ဆွေးနွေးတဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမှာ လက်ရှိ ကာကွယ်ဆေးနဲ့ အစာကုန်ကြမ်း သွင်းအားစုလိုအပ်ချက်တွေရှိလို့ ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်လာတာကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်တွေက ဥစားကြက်ပေါက် ထုတ်လုပ်မှုနဲ့ ဝယ်လိုအားတို့ အချိန်နဲ့တပြေးညီ မဖြစ်ခဲ့တာ၊ ပြီးခဲ့တဲ့လပိုင်းက ရောဂါကျရောက်လို့ ကြက်ဥထုတ်လုပ်မှု လျော့လာတာကိုလည်း သုံးသပ်ခဲ့တယ်လို့ ဆိုပါတယ်။
ထုတ်ကုန်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ ထုတ်လုပ်ပေးနိုင်ရေးအတွက် ကုန်စည်ကွင်းဆက် တလျှောက်လုံးမှာ ဖြစ်နေတဲ့ အခြေအနေအနေတွေကို အဖွဲ့ချုပ်နဲ့ သက်ဆိုင်ရာအသင်းတွေ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဖို့၊ သက်ဆိုင်ရာကို အစီရင်ခံတင်ပြဖို့လည်း လုပ်ဦးမယ်လို့ ဆိုပါတယ်။
ကြက်ဥဈေးဆက်မတက်စေဖို့ သက်ဆိုင်ရာအစုအဖွဲ့အနေနဲ့ ကြက်ဥဖြန့်ဖြူးရောင်းချသူတွေနဲ့ ညှိနှိုင်းလုပ်ဆောင်မှာဖြစ်ပြီး လက်ရှိလုပ်နေတဲ့ အများပြည်သူ ဈေးသက်သက်သာသာ ဝယ်ယူနိုင်ရေး အစီအမံတွေကိုလည်း ဆက်လုပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိ ရန်ကုန်မြို့မှာ ကြက်ဥတလုံးကို ကျပ် ၇၀၀ အထိ ဈေးမြင့်တက်နေပြီး ကြက်သားဈေးလည်း တက်လာနေတာပါ။











