DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်တိုက်ခိုက်မှုများရပ်တန့်ရေး မြန်မာစစ်အာဏာရှင်ကို ဖိအားပေးရန် HRW တိုက်တွန်း 
DVB
·
April 24, 2026
Photo: DSINFO
Photo: DSINFO
Donate to DVB

မြန်မာနိုင်ငံမှာ အရပ်သားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်နေတာတွေကို အဆုံးသတ်ဖို့ စစ်အာဏာရှင်ကို ပြင်းပြင်းထန်ထန် ဖိအားပေးဖို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) က ထိုင်းနိုင်ငံနဲ့ အာဆီယံကို တောင်းဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက်ဟာ ဧပြီ ၂၂ ရက်က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး ဒီခရီးစဉ်ကနေ ဘယ်သူတွေ အကျိုး ရှိ မလဲဆိုတဲ့ အခြအနေတွေနဲ့ ပတ်သက်လို့ HRW က ထုတ်ပြန်ရာမှာ တောင်းဆိုထားတာပါ။

မြန်မာစစ်အာဏာရှင်အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို အလေးအနက် ဖြေရှင်းဖို့ ဆန္ဒ မရှိသရွေ့တော့ ဆီဟဆက်ရဲ့ ရင်းနှီးတဲ့ဆက်ဆံရေး တည်ဆောက်ဖို့ ကြိုးပမ်းမှုတွေဟာ လမ်းလွဲ နေဦးမှာပဲလို့လည်း HRW အဖွဲ့က ဆိုပါတယ်။

ဒါကြောင့်မို့ ထိုင်းနိုင်ငံနဲ့ အာဆီယံအနေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့၊ နိုင်ငံရေးအရ နှိပ်ကွပ်မှုတွေကို ရပ်တန့်ဖို့နဲ့ အရပ်သားတွေအပေါ် တရားမဝင် စစ်ရေး အရ တိုက်ခိုက်နေတာတွေကို အဆုံးသတ်ဖို့ စစ်အာဏာရှင်ကို ပိုပြီး ပြင်းပြင်းထန်ထန် ဖိအားပေးဖို့ တိုက်တွန်းထားပါတယ်။

အိမ်နီးချင်း မြန်မာပြည်ရဲ့ အခြေအနေတွေကြောင့် ဒုက္ခသည်တွေ ဝင်ရောက်လာတာ၊ နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှုတွေ များပြားလာတာတွေနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဆိုးရွားလာတာစတဲ့ ပြဿနာတွေကို ထိုင်းနိုင်ငံက အပြင်းအထန် ခံစားနေရတာကြောင့် အဖြေရှာဖို့ ကြိုးစားနေတာ ဖြစ်ပြီး ဒီခရီးစဉ်က ဘာတွေ ထူးထူးခြားခြား အောင်မြင်ခဲ့သလဲဆိုတာကိုတော့ သိဖို့ ခက်နေ ပါတယ်။

ဆီဟာဆက်ဟာ ဝါရင့်သံတမန်တယောက်ဖြစ်ပြီး ၂၀၂၁ စစ်အာဏာသိမ်းခေါင်းဆောင်လည်းဖြစ် လက်ရှိ စစ်အာဏာရှင်အစိုးရအဖွဲ့ရဲ့ သမ္မတလည်းဖြစ်တဲ့ မင်းအောင်လှိုင်နဲ့ ဆက်သွယ်ဖို့ ထိုင်းအစိုးရ အဆက်ဆက်က အသုံးပြုခဲ့တဲ့ အဓိကလူတယောက်လည်း ဖြစ်ပါတယ်။

စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတဲ့ စစ်တပ် လုံခြုံရေးတပ်ဖွဲ့တွေကို ၁၅ နှစ်ကြာ ကွပ်ကဲခဲ့တဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ ပြုလုပ်ခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲတွေအပြီး အခု လဆန်းပိုင်းမှာပဲ သူ့ကိုယ်သူ သမ္မတအဖြစ် ခန့်အပ်ခဲ့ပါ တယ်။

ထိုင်းနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ကတော့ အဲဒီရွေးကောက်ပွဲ ရလဒ်တွေကို အသိအမှတ်မပြုဘဲ ပယ်ချ ခဲ့ပါတယ်။

စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီ (USDP) အနိုင်ရဖို့နဲ့ စစ်တပ်ထိန်းချုပ် ထားတဲ့ နိုင်ငံတော်ကို တရားဝင်မှု ရရှိစေဖို့ စစ်ကောင်စီက ဒီ ရွေးကောက်ပွဲကို စီစဉ်ခဲ့တာပါ။

စစ်ကောင်စီဟာ နိုင်ငံရေးပါတီ အများအပြားကို ပိတ်ပင်ခဲ့သလို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားခေါင်းဆောင်တွေကိုလည်း ဖမ်းဆီး ထောင်ချထား ခဲ့ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမတိုင်ခင်မှာလည်း စစ်ကောင်စီဟာ သံသယရှိနေတဲ့ နိုင်ငံခြားအစိုးရတွေ ယုံကြည်လာအောင် ဘာမှ မလုပ်ဆောင်နိုင်ခဲ့သလို သဘောထား ကွဲလွဲသူတွေနဲ့ စစ်ကောင်စီကို ဝေဖန်သူ ထောင်ပေါင်းများစွာဟာ ညှဉ်းပန်းနှိပ်စက် မှုတွေကြားမှာ ဆက်လက် ဖမ်းဆီးခံထား ရပါတယ်။

ရွေးကောက်ပွဲနီးလာချိန်မှာ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ နှိပ်ကွပ်မှုတွေနဲ့ အရပ်သားတွေကို လေကြောင်းကနေ တိုက်ခိုက်တာတွေအပါအဝင် တရားမဝင် တိုက်ခိုက်မှုတွေကို ပိုပြီး အရှိန်မြှင့် လုပ်ဆောင်လာခဲ့သလို အဲဒီအချိန်ကစပြီး အခုထိလည်း ထူးပြီး ပြောင်းလဲသွားတာ မရှိပါဘူး။

ဧပြီ ၁၇ ရက်မှာတော့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အပါအဝင် အကျဉ်းသား ၄,၀၀၀ ကျော်ကို မြန်မာ့ နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်ရဲ့ ပြောကြားချက်အရ တကယ်တမ်း လွတ်လာသူဟာ ၁,၆၀၀ ဝန်းကျင်ပဲ ရှိခဲ့ပြီး အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၂,၀၀၀ နီးပါးထဲက ၂၉၂ ယောက်ပဲ ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ နိုင်ငံတကာဖိအားတွေကို လျှော့ချဖို့နဲ့ ယုံကြည်မှုရအောင် အကျဉ်းသား လွှတ်ပေးတာမျိုးတွေကို ကြာရှည် အသုံးချနေတာဖြစ်ပြီး ဒါဟာ လွှတ်လိုက် ပြန်ဖမ်းလိုက် လုပ်နေတဲ့ သံသရာတခုလို ဖြစ်နေတယ်လို့ HRW က ထောက်ပြထားပါတယ်။

သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေး အကျဥ်းသားတချို့ကို လွတ်ငြိမ်းခွင့်ပြုလိုက်တဲ့ပေါ် ယူကေ၊ အမေရိကန်၊ သြစတြေးလျနဲ့ ဥရောပနိုင်ငံတွေက ကြိုဆိုခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဆက်လက်ဖမ်းဆီးခံထားရသူတွေ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့  စစ်အာဏာရှင်ကို ဆက်လက် တိုက်တွန်းထားပါတယ်။ 

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ကတော့ မြန်မာနိုင်ငံကိုလာရောက်ပြီး နေပြည်တော်မှာ စစ်အာဏာရှင်နဲ့ တွေ့ဆုံခဲ့သလို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013