
ပဲခူးမြို့ ဘဝသစ်ဆရာတော်ကနေ ဒီဗွီဘီ စီဂျေသတင်းထောက် ကိုအောင်စိုးမိုးကို သာသနာညှိုးနွမ်းစေမှု အပါအဝင် ပုဒ်မ ၄ ခုနဲ့ တရားစွဲထားတဲ့အမှု ပဲခူးမြို့နယ်တရားရုံးကနေ နိုဝင်ဘာ ၂၀ ရက်က အာမခံပေးလိုက်ပါတယ်။
သတင်းထောက် ကိုအောင်စိုးမိုးဟာ အာမခံပေးလို့မရတဲ့ သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) အပါအဝင် ဆဲဆိုမှု၊ ခြိမ်းခြောက်မှု၊ စာရွက်စာတမ်းအတု ပြုလုပ်မှုတွေနဲ့ တရားစွဲခံရလို့ သြဂုတ် ၁၀ ရက်ကစပြီး ပဲခူးအကျဉ်းထောင်မှာ ဖမ်းဆီးခံနေရတာပါ။
၃ လကျော်ကြာ ပဲခူးအကျဉ်းထောင်မှာ ဖမ်းဆီးခံနေရတဲ့အပေါ် ဒုတိယအကြိမ် အာမခံ လျှောက်ထားရာမှာ တရားသူကြီးက ပုဒ်မ ၂၉၅(က) နဲ့ ပုဒ်မ ၆၆(ဃ) တို့ကို အာမခံပေးတာကြောင့် ထောင်ကနေ ပြန်လွှတ်ပေးလိုက်တယ်လို့ ကိုအောင်စိုးမိုးက ပြောပါတယ်။
ဘဝသစ်ကျောင်းတိုက် ဆရာတော်နဲ့ တရားစွဲခံရသူ ကိုအောင်စိုးမိုးတို့ကို မြို့နယ် သံဃမဟာနာယကအဖွဲ့က ဒီအမှုနဲ့ပတ်သက်လို့ နိုဝင်ဘာ ၂၉ ရက်မှာ စစ်ဆေးသွားမှာဖြစ်ပြီး ဘဝသစ်ဆရာတော်ကတော့ အမှုကို ကျေအေးပေးမယ်လို့ မိန့်ကြားထားကြောင်း ကိုအောင်စိုးမိုးက ပြောပါတယ်။
ဘဝသစ်ကျောင်းတိုက် ဆရာတော်ကနေ ကိုအောင်စိုးမိုးကို သာသနာညှိုးနွမ်းစေမှု အပါအဝင် ပုဒ်မ ၄ ခုနဲ့ တရားစွဲဆိုထားသလို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) နဲ့ စွဲဆိုထားတဲ့အမှု တခုကိုလည်း ပဲခူးမြို့နယ်တရားရုံးမှာ စစ်ဆေးနေပါတယ်။










