
မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမြို့မှာရှိတဲ့ မသန်စွမ်းသူများဆိုင်ရာ အသက်မွေးဝမ်းကျောင်း ကောလိပ်ရဲ့ ကျောင်းဝင်ပွဲနဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက မေ ၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မြောက်ကိုရီးယားအစိုးရ သတင်းဌာန KCNA က ထုတ်ပြန်တဲ့ ရုပ်သံမှတ်တမ်းတွေမှာ ကျောင်းသား တွေနဲ့ မိဘတွေ အခမ်းအနားတက်ရောက်နေတာကို ပြထားပြီး ကျောင်းသားသစ်တွေဟာ မေ ၂ ရက်မှာ သူတို့ရဲ့ ပထမဆုံးသင်ခန်းစာကို စတင်သင်ယူခဲ့ကြပါတယ်။
အဲဒီအခမ်းအနားကို ကိုရီးယားမသန်စွမ်းသူများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ချုပ် ဗဟိုကော်မတီ ဥက္ကဋ္ဌ ဂျွန်ချိုးလ်ဟီလည်း တက်ရောက်ခဲ့တယ်လိုါ့ဆိုပါတယ်။
အခမ်းအနားမှာ မသန်စွမ်းသူများဆိုင်ရာ အသက်မွေးဝမ်းကျောင်း နည်းပညာကောလိပ် ကျောင်းအုပ်ကြီး ဟမ်ဆုန်းဆင်းမ်က “၂၀၁၂ ခုနှစ်၊ မေ ၂ ရက်မှာ ပထမဆုံးအကြိမ် ကျောင်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ပြီးကတည်းက လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ဒီကျောင်းကနေ ကျောင်းသား ပေါင်း ၂၀၀ ကျော်ကို ကျွမ်းကျင်ပညာရှင်တွေဖြစ်အောင် လေ့ကျင့်သင်ကြား ဘွဲ့ပေးနိုင်ခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်း ကျောင်းဖွင့်ပွဲနဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားတွေ ကျင်းပတိုင်းမှာ သင်ကြားမှု အရည်အသွေး ကောင်းမွန်မှုကို ပြန်သတိရမိစေပြီး လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ၂၀၁၆ ခုနှစ်မှာ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူညီချက်ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး၊ နောက်တနှစ်မှာတော့ ကုလသမဂ္ဂရဲ့ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တယောက်ကို လာရောက်ကြည့်ရှုခွင့်ပြုဖို့ သဘောတူခဲ့ ပါတယ်။
ဒါဟာ မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေး မှတ်တမ်းအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက နှစ်ပေါင်းများစွာ ဝေဖန်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လိုက်လျောမှု တခု ဖြစ်ခဲ့ပါတယ်။
Source:Reuters











