
ငဝန်မြစ် တာဘောင်နိမ့်ကျပြီး ရေကျော်စီးဝင်နေမှုကို တားဆီးဖို့အတွက် ထူးပေါက်တဲ့နေရာတွေကို Geo Bag တွေနဲ့ အရေးပေါ်တာပြန်စီးတာနဲ့ ပိတ်ဆို့တာတွေကို ဆောင်ရွက်နေတယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ဧရာဝတီတိုင်းအစိုးရက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းလောက်မှာ ငဝန်မြစ် တာဘောင်ကျိုးခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ ဧရာဝတီတိုင်းထဲက လေးမျက်နှာမြို့ အပါအဝင် ဟင်္သာတ၊ ကျုံပျော်နဲ့ ရေကြည်မြို့တို့ မြစ်ရေကြီးနေတာပါ။
လတ်တလော ကူညီကယ်ဆယ်မှုတွေမှာ အုပ်ချုပ်သူတွေအနေနဲ့ နှောင့်နှေးမှုတွေရှိနေပြီး ပုဂ္ဂလိက ကယ်ဆယ်မှုတွေကိုသာ အားထားနေရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
စစ်အာဏာရှင်ရဲ့ ဧရာဝတီတိုင်းအစိုးရအနေနဲ့ကတော့ ရေကျော်ကာကွယ်ရေး တာမြှင့်တင်တွေကို အချိန်နဲ့အမျှ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားသလို လေးမျက်နှာမြို့နယ်အတွင်းက ရေလွှမ်းမိုးခံ စပါးခင်းတွေအနေနဲ့ ၁၄ ရက်အတွင်း ရေပြန်ကျပါက ပျက်စီးမှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့လည်း တာဘောင်ကျိုးပြီး ၇ ရက်မြောက်နေ့ ဖြစ်တဲ့ သြဂုတ် ၆ ရက်အထိကိုတော့ ရေပြန်ကျခြင်း မရှိသေးတဲ့အတွက် စပါးခင်းတွေ ပျက်စီးမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
တာဘောင်နိမ့်ဆင်း၊ ရေကျော်ရာကနေ ဖြစ်ပေါ်ခဲ့တဲ့ လေးမျက်နှာမြို့ မြစ်ရေကြီးမှုကြောင့် သြဂုတ် ၄ ရက်အထိကို လူပေါင်း ၃၂,၀၀၀ ကျော် ရေဘေးဒဏ်ကို ခံစားနေကြရပါတယ်။










