
အာဆီယံနဲ့ ဆက်ဆံရေးမှာ ခွဲခြားဆက်ဆံမှုတွေကို တုံ့ပြန်သွားမှာဖြစ်ပြီး မြန်မာ့ကိုယ်ပိုင်နည်းလမ်းနဲ့သာ အာဆီယံနဲ့ ဆက်ဆံရေး တိုးတက်အောင်လုပ်မယ်လို့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က စစ်အာဏာရှင်အစိုးရသက်တမ်း ရက် ၁၀၀ ပြည့် မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ အာဆီယံနိုင်ငံတချို့က မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံခဲ့ပေမဲ့ စိတ်ရှည် သည်းခံခဲ့ကြောင်း၊ နောက်နောင်မှာတော့ အပြုသဘောမဆောင်တဲ့ ခွဲခြားဆက်ဆံမှုတွေ ရှိလာရင် ဖြစ်စဉ်အလိုက် တခုချင်း တုံ့ပြန်မယ်လို့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ရက် ၁၀၀ ပြည့် မိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။
အာဆီယံရဲ့ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်အစိုးရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အထောက်အကူပြုပြီး နိုင်ငံအတွက် အကျိုးရှိမှသာ အပြုသဘောဆောင်ပြီး စဉ်းစားမယ်လို့လည်း ထည့်သွင်း ပြောဆိုသွားပါတယ်။
အာဆီယံကို စစ်အာဏာရှင်က အခုလို ပြောဆိုတာဟာ သူ့ရဲ့ တရားဝင်မှုကို အသိအမှတ်ပြုမခံရတဲ့အတွက် နိုင်ငံရေးသိက္ခာ ရိုက်ခတ်ခံရတာကြောင့် တင်းတင်းမာမာ ပြောဆိုတာ ဖြစ်နိုင်တယ်လို့ နိုင်ငံတကာဆက်ဆံရေးပညာရပ် ကျွမ်းကျင်သူ CDM ကထိက ဒေါက်တာသန်းလွင်ဦးက သုံးသပ်ပါတယ်။
“အာဆီယံနဲ့ ဆက်ဆံရေးကတော့ ကျနော့်အနေနဲ့ ပြောရမယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ပြောရရင် သူက ကျန်တဲ့ ရုပ်ပိုင်းဆိုင်ရာ အကျိုးစီးပွား၊ အကျိုးမြတ်ဆိုင်ရာ သူ့အတွက်တော့ နိုင်ငံရေးသိက္ခာက အများကြီး ရိုက်ခတ်ခံရတဲ့၊ နိုင်ငံရေးသိက္ခာပေါ့နော်၊ legitimacy ဘက်က ရိုက်ခတ်ခံရတဲ့ အခြေအနေရှိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒါအတွက်ကြောင့်မို့ သူ့အနေနဲ့ အရှက်ရစေတာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒါ တနည်းအားဖြင့် ပြောရရင် သံတမန်ရေးအရ သူက တင်းတင်းမာမာ တုံ့ပြန်မယ်လို့ ပြောတာ။ သူ ဘယ်ဗျူဟာနဲ့ တုံ့ပြန်မလဲတော့ မသိနိုင်ဘူး။”
စစ်အာဏာရှင်ဩဇာခံ လွှတ်တော်မှာ အာဆီယံက ချထားတဲ့ ဘုံသဘောတူညီမှု ၅ ချက်ဟာ မြန်မာနိုင်ငံရဲ့ “နိုင်ငံရေးပကတိအခြေအနေ” နဲ့ မကိုက်ညီတဲ့ “အာဆီယံရဲ့ ဝင်ရောက်စွက်ဖက်မှုတရပ်” ဖြစ်တယ်လို့ဆိုကာ အဲဒီသဘောတူညီမှုကို ပယ်ချတဲ့အဆိုကို ဇူလိုင်လတုန်းက အတည်ပြုခဲ့ကြပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ရဲ့ တရားဝင်မှုအပေါ် အာဆီယံ ဘုံသဘောတူညီမှု ၅ ချက်နဲ့ တိုင်းတာနေတာက တရားမျှတမှုမရှိဘူးဆိုပြီး စစ်အုပ်စုဘက်က ပုံဖော်နေတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။
“သူကိုယ်တိုင်က အာဆီယံ Five Point Consensus ကို ငြင်းတာမဟုတ်ဘဲနဲ့ လွှတ်တော်က ငြင်းတယ်။ ငြင်းတဲ့အတွက်ကြောင့်မို့လို့ သူ့ ဒီ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကြီးက ငြင်းတဲ့အတွက်ကြောင့်မို့လို့ သူ့အနေနဲ့ အစိုးရအနေနဲ့က ဒီလမ်းကြောင်းအတိုင်း လုပ်ရတာထက်စာရင် လွှတ်တော်၊ Democratic Institution ခေါ်မှာပေါ့နော်၊ ဒီမိုကရေစီ အင်စတီကျူးရှင်းတွေက ပြဋ္ဌာန်းသတ်မှတ်ပေးပြီးတော့ ပြည်သူလူထုက ထောက်ခံတဲ့ နည်းလမ်းနဲ့ပဲ အာဆီယံ ဖြစ်စေချင်တဲ့ဟာ ဒါမှမဟုတ် အာဆီယံ စဉ်းစားတဲဥစ္စာ လုပ်နိုင်မယ် ဆိုတဲ့ သဘောမျိုး သူက ပြန်တုံ့ပြန်တယ်လို့ ကျနော်တို့က မြင်ဖို့လိုတယ်။ ကျနော်တို့ တကယ် မြန်မာ့အရေးကို စိတ်ဝင်စားတဲ့လူတွေ သိနေတဲ့ဟာ၊ စစ်တပ် လုပ်နေတဲ့ဟာကတော့ တကယ် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ဆိုတာထက် သူ့ရဲ့ တရားဝင်မှု ရရှိရေးနဲ့ သူ့ရဲ့စစ်တပ် အခြေပြုတဲ့ အုပ်ချုပ်မှုအာဏာ ခိုင်မြဲရေး ဆိုတဲ့ဟာကို သူ တည်ဆောက်နေတယ် ဆိုတဲ့ဟာကတော့ ကျနော်တို့အားလုံးက နားလည်တယ်။ ဒါပေမဲ့ ရှိနေတဲ့ နိုင်ငံရေးကစားကွက်တွေမှာတော့ သူ အဲဒီလိုပုံစံနဲ့ ကစားနေတယ်လို့ ကျနော်တို့ မြင်လို့ရမယ်။”
နိုဝင်ဘာလမှာ ကျင်းပမဲ့ ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာလည်း အာဆီယံမှာ မြန်မာ အပြည့်အဝ ပြန်လည်ပါဝင်နိုင်ဖို့အတွက် စဉ်းစားသွားဖို့ အာဆီယံ ဘုံသဘောတူညီမှု ၅ ချက်ကို အောင်မြင်အောင် အကောင်အထည်ဖော်ရမဲ့ နှိုင်းယှဉ်တိုင်းတာတဲ့ စံနှုန်းသတ်မှတ်ချက်၊ အခြေခံ မူဘောင်တွေကို အတည်ပြုလာနိုင်ခြေတွေ ရှိနေတာပါ။
ဒေါက်တာ စိုင်းကြည်ဇင်စိုး “ဒီ Five Point Consensus က တောင်းဆိုတဲ့ တွေ့ဆုံဆွေးနွေးမှုဆိုတဲ့ ဟာကလည်း အခု ၁၃ ဖွဲ့နဲ့ ဖြစ်နေပါပြီ ဆိုတဲ့ဟာ သူ လုပ်ပြတယ်။ အခု အရေးကြီးဆုံးပေါ့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီလို တွေ့ဆုံဆွေးနွေးပေးလိုက်တယ်။ အာဆီယံ တောင်းဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်ကို လျှော့ပေါ့ပြီး ဆက်ဆံတဲ့ပုံစံ မဟုတ်ဘူး၊ အကျဉ်းသားတယောက်လိုပဲ ဆက်ဆံတယ်၊ အကျဉ်းသားရဲ့ ရပိုင်ခွင့်ကိုပဲ စီစဉ်ပေးတယ် ဆိုတဲ့ပုံစံမျိုး အနေနဲ့ သူ လုပ်တယ်။ လုပ်ပြီးတော့ သူ့ရဲ့ရပ်တည်ချက်နဲ့ အရှေ့က တောက်လျှောက် ဆုံးဖြတ်ချက်တွေထဲမှာ အမှားအယွင်း မရှိခဲ့ဘူး ဆိုတဲ့ဟာကို သူ သက်သေပြဖို့ ကြိုးစားတယ်။ အဲဒီ သက်သေပြမှုနဲ့အတူ အာဆီယံရဲ့ ရပ်တည်ချက်က မတရားဘူး၊ ပြီးရင် အာဆီယံ ထုတ်ဖော်ထားတဲ့ ဒီ ၅ ချက်ကလည်း ဒါ တရားမျှတမှု မရှိဘူး၊ အားလုံး consensus မဖြစ်ဘူး၊ ဒီ charter ဘောင်နဲ့လည်း မညီညွတ်ဘူး ဆိုတဲ့ဟာ အာဆီယံရဲ့ ရပ်တည်ချက်ကြီးကို ယိုင်နဲ့သွားအောင်ပေါ့နော်၊ အထူးသဖြင့် သူနဲ့နီးစပ်တဲ့ နိုင်ငံတနိုင်ငံက ဥက္ကဋ္ဌ ဖြစ်လာတဲ့ အချိန်ကျရင် ဒီ အာဆီယံထဲမှာ ဆုံးဖြတ်ခဲ့တဲ့ဟာတွေကို ပြန်ပြီးတော့ undermine လုပ်လို့ရအောင်၊ ဒါမှမဟုတ် အဲဒီလိုမျိုးပေါ့၊ နှိမ်ချလိုက်လို့ရအောင် သူ စီစဉ်ဆောင်ရွက်တဲ့ လမ်းကြောင်းတခု ဖြစ်တယ်လို့ ကျနော်တို့က မြင်လို့ရတယ်” လို့ ပြောပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်မှာ အကြမ်းဖက်မှုများ ချက်ချင်းရပ်ရေး၊ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲတွေ ကျင်းပဖို့၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးနိုင်ဖို့၊ သက်ဆိုင်သူအားလုံးနဲ့ အာဆီယံ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
မြန်မာစစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလ အာဆီယံအစည်းအဝေးမှာ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို သဘောတူခဲ့တာဖြစ်ပြီး ဒီသဘောတူညီချက်တွေကို ၅ နှစ်ကျော်ကြာတဲ့တိုင် တိုးတက်မှုမရှိသေးတာကြောင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အဆက်ဆက်က စစ်ခေါင်းဆောင်နဲ့ စစ်အုပ်စုဝန်ကြီးတွေကို ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။










