
ပြီးခဲ့တဲ့ ဧပြီလအစပိုင်းတုန်းက အခေါက်ရွှေ တကျပ်သားဈေးဟာ ကျပ် သိန်း ၁၁၀ အထိ မြင့်တက် ခဲ့ပေမဲ့ အခုတော့ ကမ္ဘာ့ရွှေဈေး ဆက်တိုက်ကျဆင်းလာတာနဲ့အတူ ပြည်တွင်းဈေးလည်း သိန်း ၁၀၄ ဝန်းကျင်ထိ ပြန်လည် အေးလာတာကို တွေ့ရပါတယ်။
အရှေ့အလယ်ပိုင်းမှာ စစ်ရေးတင်းမာမှုတွေ ပြင်းထန်လာတာကြောင့် ငွေဖောင်းပွမှု တက်နိုင်ပြီး ဗဟိုဘဏ်တွေက အတိုးနှုန်း ထပ်မံမြှင့်တင်နိုင်မယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ကမ္ဘာ့ရွှေဈေးဟာ ဒီနေ့ တအောင်စကို ၄,၅၄၀ ဒေါ်လာ ဝန်းကျင်ထိ ကျဆင်းလာပါတယ်။
ဒါဟာမတ်လနောက်ပိုင်း အနိမ့်ဆုံးအဆင့်ကို ရောက်ရှိလာတာ ဖြစ်ပြီး စစ်ရေးပဋိပက္ခ စတင်ခဲ့တဲ့ အချိန်ကနေ တွက်မယ်ဆိုရင် ၁၀ ပတ်အတွင်း ၁၃ ရာခိုင်နှုန်းခန့် ကျဆင်းလာတာလည်း ဖြစ်ပါတယ်။
အရင်ဈေးနှုန်းတွေကို ကြည့်မယ်ဆိုရင် ဧပြီလအတွင်းမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စကို ဒေါ်လာ ၅,၀၀၀ ဝန်းကျင်၊ ဇန်နဝါရီလမှာတော့ ဒေါ်လာ ၅,၆၀၀ အထိ ရှိခဲ့ပါတယ်။
လက်ရှိ မေလအစပိုင်းမှာတော့ ၄,၅၄၀ ဒေါ်လာထိ ပြန်ကျလာပြီး ပြည်တွင်းဒေါ်လာဈေးလည်း အနည်းငယ် ပြန်အေးလာတာကြောင့် ပြည်တွင်းရွှေဈေးဟာလည်း တလဝန်းကျင်အတွင်း တကျပ်သားကို ကျပ် ၆ သိန်းလောက် ပြန်လည်ကျဆင်းလာတာကို တွေ့ရပါတယ်။
ကမ္ဘာ့ဈေး ကျဆင်းသလောက် ပြည်တွင်းဈေး လိုက်ပါမကျဆင်းနိုင်တာဟာ ငွေဖောင်းပွမှုဒဏ်ကို ရှောင်ရှားဖို့ ပြည်တွင်းမှာ ရွှေကို အဓိက အားထား စုဆောင်းနေကြခြင်းကြောင့် ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။











