
ဦးမင်းဇင်ကို မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအဖြစ် တရားဝင် သတ်မှတ်လိုက်ပြီး ပြန်လွှတ်ပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ထုတ်ပြန်ချက်ဟာ တရုတ်-အမေရိကန် သံတမန်ရေးတင်းမာမှုအတွက် ထင်ရှားတဲ့ လက္ခာဏာတရပ်ဖြစ်ပြီး ဒီအပေါ်မှာ မြန်မာ့အရေးဆောင်ရွက်သူတွေရဲ့ အမြင်သဘောထား ဘယ်လို ရှိနေပါသလဲ။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ရဲ့ တည်ထောင်သူ၊ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို ဇွန် ၃ ရက်က ယူနန်ပြည်နယ်၊ ကူမင်းလေဆိပ်မှာ တရုတ်အစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။
ဒီနောက် ဦးမင်းဇင်ကို သူလျှိုလုပ်ဆောင်မှု၊ တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ဘေးအန္တရာယ်ဖြစ်အောင် လုပ်ဆောင်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးထားတာဖြစ်တယ်လို့ ဇွန် ၁၂ ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဦးမင်းဇင်ဟာ မတရားဖမ်းဆီးထိန်းသိမ်းခံရသူဖြစ်တယ်လို့ အချိန် ၂လကျော် ၃ လနီးပါးအကြာမှာ အမေရိကန်အစိုးရဘက်က ကြေညာချက်ထုတ်ပြန်လာတာပါ။
ဒေသစံတော်ချိန် ဩဂုတ် ၂၀ ရက်နေ့ ထုတ်ပြန်ချက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက အမှုအခြေအနေတွေကို အသေးစိတ် သုံးသပ်ပြီးနောက် ဦးမင်းဇင်ကို တရုတ်နိုင်ငံက မတရားဖမ်းဆီးထားတာဖြစ်တယ်လို့ သတ်မှတ်ကြောင်း ဖော်ပြခဲ့ပါတယ်။
ကြေညာချက်အရ ဦးမင်းဇင်ပြန်လွတ်မြောက်ရေးအတွက် အမေရိကန်အစိုးရ ဓားစာခံရေးရာ အထူးသံတမန်ရုံး (Special Presidential Envoy for Hostage Affairs) က အမှုဖြစ်စဉ်ကို တိုက်ရိုက်လွှဲပြောင်းရယူပြီး တရုတ်အစိုးရနဲ့ ထိပ်တန်းအဆင့် ညှိနှိုင်းတောင်းဆိုတာတွေ ရှိလာမယ်လို့ နယူးယောက်တိုင်း(မ်) သတင်းစာက ဖော်ပြပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “ဓားစာခံသံတမန်အရေးနဲ့ နှစ်နိုင်ငံအကြားမှာ အကျပ်ကိုင်မှုတွေဖြစ်လာတာ၊ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ဝါရှင်တန်မှာ တွေ့ဆုံမဲ့ နိုင်ငံတော်အဆင့်ခရီးစဉ်ကြီးမတိုင်ခင်တလအလိုမှာ အမေရိကန်က ကြေညာလိုက်တယ်ပေါ့။ ဒီလိုထိန်းသိမ်းထားတယ်ဆိုတာက မတရားသဖြင့် လုပ်တယ်ဆိုတာမျိုးပေါ့။ ဒါတွေက သံတမန်ရေးအရ တင်းမာမှုတွေကို ကွက်ကွက်ကွင်းကွင်း ပြနေတာမျိုး ဖြစ်တယ်ပေါ့နော်၊ တရုတ်အနေနဲ့ကျပြန်တော့လည်း ဒီလိုလွတ်လပ်တဲ့ သုတေသီတဦးကို ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ခေါင်းစဉ်နဲ့ နယ်စပ်ပြည်နယ်တခုကို ခေါ်ပြီးတော့မှ ဘေဂျင်းရဲ့ တန်ပြန်ထောက်လှမ်းရေး၊ ကာကွယ်ရေးစည်းကို ပိုမိုတင်းကျပ်လိုက်တဲ့ လက္ခဏာတွေဖြစ်တယ်။ ဆိုတော့ ဒီလို သုတေသနပြုတဲ့သူတွေအတွက် စိုးရိမ်စရာ အစဉ်အလာဆိုးတခု ဖြစ်တယ်ဆိုတာက ဘာကိုသွားပြနေလဲဆိုတော့ သံတမန်ရေးရာဆောင်ရွက် မှုတွေကို စိန်ခေါ်မှုတွေ အန္တရာယ်တွေ ပိုပြီးတော့မှ မြင့်မားသွားစေတယ်ဆိုတာပြနေတယ်၊ အဲ့ဒီတော့ နှစ်ဦးနှစ်ဖက်လုံးမှာ တင်းမာမှုတွေ ရှိနေတယ်လို့ သုံးသပ်လို့ရပါတယ်ရှင့်”လို့ ပြောပါတယ်။
ISP Myanmarမှ ဦးအောင်သူငြိမ်းက “နိုင်ငံခြားရေးဝန်ကြီးဌာနက မတရားဖမ်းဆီးခံရတယ် ဆိုပြီးတော့ ဒီလိုအမျိုးအစားသတ်မှတ်ပြီးကြေညာတာက ကျနော်တို့ အဆင့်တခုကို ရောက်သွားတယ်လို့ ယူဆနိုင်ပါတယ်။ အမေရိကန်အနေနဲ့လည်း ဒီကိစ္စကို အလေးအနက် ဆက်လုပ်လိမ့်မယ်လို့ ယုံကြည်ပါတယ်ဗျ။ ဦးမင်းဇင်က အထူးသဖြင့်တော့ ကျနော်တို့မြန်မာပြည်မှာ ဒီမိုကရေစီအရေးအတွက်ပေါ့ဗျာ၊ ဒါနဲ့ပတ်သက်လို့ သူက သုတေသန လုပ်တယ်၊ ဟောတယ် ပြောတယ်၊ စည်းရုံးတယ်ပေါ့ဗျာ၊ ဒီလိုကိစ္စတွေလုပ်ပါတယ်။ ဆိုတော့ တရုတ်ပြည် သွားတယ်ဆိုတဲ့ကိစ္စမှာလည်း တရုတ်နိုင်ငံက ပညာရပ်ဆိုင်ရာအဖွဲ့အစည်းတခုက ဖိတ်လို့သွားတာ၊ အခုလိုဖမ်းဆီးလိုက်တယ်ဆိုတာက ထောက်ချောက်ဆင် ဖမ်းဆီးတယ်ဆိုတဲ့သ ဘောလည်းရောက်သွားတာပေါ့ဗျာ။ ဒါပေမဲ့လည်း ကြည့်ရတာက နိုင်ငံကြီးတွေရဲ့ ကစားကွက်ပေါ့ဗျာ၊ နိုင်ငံရေးထဲ ကျသွားတဲ့ပုံစံမျိုး ရှိတယ်လည်းထင်ပါတယ်ဗျ”လို့ ပြောပါတယ်။
ဇွန် ၃ ရက်က တရုတ်ပညာရပ်ဆိုင်ရာအဖွဲ့အစည်းတခုရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ ဦးမင်းဇင်ကို ကူမင်းလေဆိပ်မှာ အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။
အရှေ့တောင်အာရှအရေးမှာ မြင်သာတဲ့ခြေလှမ်းတွေရှိနေပေမဲ့ မြန်မာ့အရေးမှာ နှုတ်ဆိတ်နေခဲ့တဲ့ အမေရိကန်အစိုးရအနေနဲ့ မြန်မာနွယ်ဖွားတယောက်အတွက် ကြေညာချက်ထုတ်ခဲ့ရတာက တရုတ်အစိုးရနဲ့ သံတမန်ရေးတင်းမာမှုကို ကွယ်ဝှက်လို့မရတော့တဲ့အခြေအနေဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
ပထဝီနိုင်ငံရေး၊ စီးပွားရေးသုံးသပ်သူ မွန်ဇင်က “ကိုမင်းဇင်က ISP ရဲ့ ဦးဆောင်နေတဲ့သူ ဖြစ်ပြီးတော့ နိုင်ငံရေးနဲ့ပတ်သက်ရင် ကျယ်ပြန့်တဲ့ကွန်ရက်တွေအများကြီးရှိတယ်။ ပြီးတော့ တရုတ်-မြန်မာကုန်သွယ်ရေးနဲ့ပတ်သက်တဲ့ ဆန်းစစ်စိပ်ဖြာမှုတွေ၊ တိုင်းရင်းသားအစုအဖွဲ့တွေရဲ့ ခံနိုင်ရည် လှုပ်ရှားမှုတွေနဲ့ နိုင်ငံရေးလမ်းကြောင်းဆိုရင်လည်း သူက တော်တော်ကြီးကို နှံ့နှံ့စပ်စပ် ကျယ်ကျယ်ပြန့်ပြန့်လည်း အများကြီးဆွေးနွေးပြီးတော့ လေ့လာသုံးသပ်တဲ့သူလည်းဖြစ်တဲ့အတွက် တရုတ်အစိုးရအတွက်က ကိုမင်းဇင်လုပ်တဲ့ သတင်းအချက်အလက်ကွန်ရက်က သူတို့ရဲ့ လုံခြုံရေးအတွက် ပိုပြီးတော့ ထိရှလွယ်တဲ့ပုံစံဖြစ်လာတယ်လို့ သူတို့မြင်တယ်ဆိုတာကတော့ ဖြစ်နိုင်တယ်၊ အဲ့ဒါကြောင့်မို့လို့လည်း သူတို့ကထိန်းသိမ်းလိုက်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကိုမင်းဇင်က အမေရိကန်နိုင်ငံသားဖြစ်တဲ့အတွက်၊ ပါဝါကြီးတဲ့နိုင်ငံတွေရဲ့ နိုင်ငံသားဦးစားပေး တဲ့မူအရ အမေရိကန်အနေနဲ့ကတော့ ဖိအားပေးမှာပဲ၊ ၁၁ ပတ်ကြာတယ်၊ စိုးလည်းစိုးရိမ်မိတယ်၊ မြန်မြန်လည်း လွတ်မြောက်စေချင်တယ်ပေါ့”လို့ ပြောပါတယ်။
တရုတ်အာဏာပိုင်တွေထိန်းသိမ်းထားတဲ့ ဦးမင်းဇင်ဟာ ၈၈မျိုးဆက် အထက်တန်းကျောင်းသား သမဂ္ဂခေါင်းဆောင်တယောက်ဖြစ်ပြီး အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဘာကလေတက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့တန်း ပညာဆည်းပူးနေသူဖြစ်ပါတယ်။
ဦးမင်းဇင်တည်ထောင်ခဲ့တဲ့ ISP Myanmar က တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံအတွင်း စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီမံကိန်းတွေအကြောင်း အသေးစိတ်လေ့လာပြီး အချက်အလက်ဖော်ပြခဲ့တာတွေကြောင့် တရုတ်အစိုးရရဲ့ အငြိုးအတေးထား ထိန်းသိမ်းမှုကို ကြုံခဲ့ရတာလို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။











