DVB Logo
Home
မြန်မာသတင်း
ကျောက်မီးသွေးဖြင့်လည်ပတ်မည့် ကရင်ပြည်နယ် ဘိလပ်မြေစက်ရုံ ၂ ရုံကို ကန့်ကွက်
DVB
·
November 13, 2018
ကျောက်မီးသွေးဖြင့်လည်ပတ်မည့် ကရင်ပြည်နယ် ဘိလပ်မြေစက်ရုံ ၂ ရုံကို ကန့်ကွက်
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာအုပ်စုနဲ့ လှာကာကျေးရွာအုပ်စုမှာရှိတဲ့ ဘိလပ်မြေစက်ရုံ ၂ ရုံဟာ ဒီနှစ်ကစပြီး ကျောက်မီးသွေးစွမ်းအင်နဲ့ လည်ပတ်ဖို့ ပြင်ဆင်နေတဲ့ အတွက် ဒေသခံတွေက ကန့်ကွက်လိုက်ပါတယ်။

လှာကာကျေးရွာအုပ်စုရှိ တရက် တန် ၉၀၀ ထုတ်လုပ်တဲ့ ဘိလပ်မြေစက်ရုံနဲ့ တရက် တန် ၄၀၀၀ ထုတ်လုပ်တဲ့ ဘိလပ်မြေစက်ရုံတို့ကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က စတင် တည်ထောင်ပြီး သဘာဝဓာတ်ငွေ့လောင်စာနဲ့ လည်ပတ်နေတာ နှစ်ပေါင်း ၂၀ ကျော်ကြာပြီ ဖြစ်ပါတယ်။

အခုနှစ် ၂၀၁၈ မှာတော့ အဲဒီ ဘိလပ်မြေစက်ရုံတွေကို ကျောက်မီးသွေးစွမ်းအားနဲ့ လည်ပတ်ဖို့ ပြင်ဆင်နေသလို ကျောက်မီးသွေးတွေကိုလည်း သယ်ဆောင်နေလို့ ဒေသခံတွေက ကျန်းမာရေး စိုးရိမ်တဲ့အတွက် ဒီသယ်ယူမှုကို ရပ်တန့်ပေးဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

လှာကာကျေးရွာအုပ်စုက ဒေသခံ ကိုယ်စားပြု ဒေါ်စိုးစိုးဌေးကတော့ ဒီကျောက်မီးသွေးတွေ စတင်သယ်ဆောင်စဉ်က အကာအကွယ်မလုပ်ဘဲ သယ်ယူပေးခဲ့တဲ့ ဒေသခံတွေထဲမှာ တယောက်က သေဆုံးပြီး တယောက်က လေဖြတ်ထားတယ်လို့ ပြောပါတယ်။

“လူထုတွေ အခု ကျန်းမာရေးပြဿနာ ဖြစ်နေကြတယ်။ ကလေးတွေဆိုရင် အဆုပ်ရောဂါနဲ့ ပတ်သက်တာတွေ၊ အသက်ရှူမဝတာတွေ၊ ကင်ဆာရောဂါတွေ အမျိုးမျိုးဖြစ်နေတယ်။ အခု အဲဒီကျောက်မီးသွေး သယ်ရင်းနဲ့တောင်မှ တယောက်က လေဖြတ်သွားတယ်။ ကားသမား တယောက်က အသက်ရှူကျပ်ပြီးတော့ အဲဒီနေရာမှာပဲ ပွဲချင်းပြီးသေသွားတယ်။ ပထမ ကျောက်မီးသွေးသင်္ဘောတုန်းက သူတို့ ဂေါ်တွေနဲ့ကော်ပြီး ကားပေါ်တင်တယ်လေ။ ကျောက်မီးသွေးသယ်တဲ့အချိန်မှာ သူတို့က နှာခေါင်းစီးတွေ မစွပ်ထားတဲ့ အခါကျတော့ သူတို့က ကျောက်သယ်သလို၊ ကုန်သယ်သလိုပဲ သယ်ကြတော့ ကျောက်မီးသွေးတွေ သယ်ပြီးတော့ ကားရပ်နားတဲ့အချိန်မှာ အရက်ကလေးဘာလေး သောက်မယ်ဆိုပြီးတော့ အရက်သောက်နေတဲ့ အချိန်မှာ အသက်ရှူကျပ်ပြီးတော့ တယောက်က ဆေးရုံသယ်နေတဲ့အချိန်မှာ သေသွားတယ်။”

အဲဒီဘိလပ်မြေစက်ရုံတွေမှာ အသုံးပြုဖို့ ကျောက်မီးသွေးတွေကို သင်္ဘောနဲ့တင်လာပြီး ကားတွေနဲ့ တဆင့်သယ်ယူနေတာ တလလောက်ရှိပြီလို့ ဒေသခံ လှာကာရွာသားတယောက်က ပြောပါတယ်။

“ကျန်းမာရေးအရသော်လည်းကောင်းကောင်း၊ ပြည်သူလူထုတွေကို သူတို့ ဘယ်လို တာဝန်ယူမှု၊ တာဝန်ခံမှုတွေ လုပ်ပေးမလဲ။ သူတို့ မသယ်ခင်ကတည်းက ကျနော်တို့ ကန့်ကွက်ထားပါတယ်။ ကန့်ကွက်ထားလည်းပဲ သူတို့ ဆက်လုပ်နေတာပေါ့နော်။ အခု ကျောက်မီးသွေးလည်း သယ်လာပြီဆိုတော့ ကျနော်တို့ ပြည်သူလူထု ရွာခံတွေကတော့ အရမ်းကြီး စိုးရိမ်တာပေါ့နော်။ ဒီကျောက်မီးသွေးကိစ္စကို ဘယ်သူက တာဝန်ယူပေးမလဲ။ ကျနော်တို့ကတော့ သိချင်တာပေါ့နော်။ အဲတော့ အစ်မတို့တွေ ဘယ်လိုလုပ်ပြီး လူထုတွေက ကျေနပ်နိုင်မလဲ။”

အခုလက်ရှိ သယ်ယူနေတဲ့ ကျောက်မီးသွေးတွေကို လုံခြုံအောင် ဖုံးထားတာမရှိသလို အမှုန်တွေကလည်း ရွာတွင်းလမ်းပေါ်ကျနေပြီး အဲဒီကျောက်မီးသွေးတွေကနေ အငွေ့ထွက်တာ၊ မီးလောင်တာတွေကြောင့် ရွာသားတွေက ရေဖြန်းနေကြရပါတယ်။

ဒါ့အပြင် မိုးရွာတာကြောင့် ကျောက်မီးသွေးမှုန့်တွေ ပါဝင်တဲ့ ရေတွေကလည်း ဒေသခံတွေ အသုံးပြုတဲ့ ချောင်းတွေထဲကို စီးဝင်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတာလို့ ပြောပါတယ်။

အဲဒီဘိလပ်မြေစက်ရုံတွေ လည်ပတ်နိုင်ဖို့အတွက် ဓာတ်ငွေ့စွမ်းအင်သုံးကနေ ကျောက်မီးသွေးစွမ်းအင်ကို ပြောင်းလဲကျင့်သုံးမယ့် အစီအစဉ်ကို သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှု သုတေသနစစ်တမ်း (EIA) နဲ့ လူမှုဝန်းကျင် ထိခိုက်နိုင်မှု သုတေသနစစ်တမ်း (SIA) တို့ကို ဥပဒေလုပ်ထုံးလုပ်နည်းအရ လုပ်ဖို့ ဒေသခံတွေက လိုလားနေပါတယ်။

EIA-SIA စစ်တမ်းလုပ်ဆောင်မှုနဲ့ စီမံကိန်းအပေါ် ပြည်သူတွေရဲ့ ဆုံးဖြတ်ချက် သဘောထား မရရှိမီ ကာလအတွင်း ကျောက်မီးသွေး သယ်ယူပို့ဆောင်နေတာတွေကို ရပ်ထားဖို့နဲ့ သက်ဆိုင်ရာ ပြည်နယ်နဲ့ ပြည်ထောင်စုအစိုးရအနေနဲ့ အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးဖို့ ဒေသခံတွေက ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013