
အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ်ဟာ ဟော်မုဇ် ရေလက်ကြား အတွင်းကို ခွင့်ပြုချက်မရှိဘဲ ဘယ်သင်္ဘောကိုမှ ဖြတ်သန်းခွင့် မပြုကြောင်း ဩဂုတ် ၂၈ ရက်မှာ ထုတ်ပြန်လိုက်ပြီး ဒေသတွင်းပဋိပက္ခတွေ ပြင်းထန်နေချိန်မှာ အရေးပါတဲ့ ရေလမ်းကြောင်းကို ထိန်းချုပ်ထားကြောင်း အတည်ပြုခဲ့ပါတယ်။
ဟော်မုဇ် ရေလက်ကြား ပွင့်နေဆဲဖြစ်တယ်ဆိုတဲ့ အမေရိကန်ရဲ့ ထုတ်ပြန်ချက်တွေဟာ "ရေနံဈေးနှုန်းကို ထိန်းချုပ်ဖို့ လိမ်ညာထားတာ ဖြစ်တယ်" လို့ IRGC ရေတပ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗျူဟာမြောက် ရေလမ်းကြောင်းကို IRGC က စိတ်ချလက်ချ အပြည့်အဝ ထိန်းချုပ်ထားကြောင်းနဲ့ အီရန်ရဲ့ ညှိနှိုင်းဆောင်ရွက်မှုမရှိဘဲ ဖြတ်သန်းဖို့ ကြိုးစားတဲ့ သင်္ဘောမှန်သမျှကို ဖြတ်သန်းခွင့် ပိတ်ပင်ထားကြောင်း ပြောပါတယ်။
ဒီစစ်ဆင်ရေးဟာ အမေရိကန်စစ်တပ်ရဲ့ အီရန်အပေါ် ကျူးလွန်နေတဲ့ ပြစ်မှုတွေ လုံးဝရပ်တန့်ပြီး လိုက်နာရမဲ့ တာဝန်တွေကို ကျေပွန်စွာ မဆောင်ရွက်မချင်း ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
တဖက်မှာလည်း အီရန်သမ္မတ မာဆွဒ်ပေဇက်ရှ်ကီယန်က အီရန်နဲ့ အိုမန်နိုင်ငံတို့ဟာ ဟော်မုဇ် ရေလက်ကြားကို ညှိနှိုင်းဆောင်ရွက်မှု အစီအစဉ်အတိုင်း ပြန်ဖွင့်ဖို့ သဘောတူညီခဲ့ကြတယ်လို့ သောကြာနေ့မှာ ပြောပါတယ်။
အိုမန်ဟာ စတင်ချိန်မှာ အီရန်ရဲ့ သဘောထားကို ထောက်ခံခဲ့သပေမဲ့ နောက်ပိုင်းမှာ ပိုပြီး သတိထား ဆောင်ရွက်ခဲ့ကြောင်း၊ ဒါပေမဲ့လည်း လတ်တလော အစည်းအဝေးတွေအပြီးမှာ ၂ နိုင်ငံစလုံး သဘောတူထားတဲ့ စည်းကမ်းချက်တွေအောက်ကနေ ရေလက်ကြား သင်္ဘောလမ်းကြောင်းကို ပြန်ဖွင့်ဖို့ ဘုံသဘောတူညီချက် ရရှိခဲ့တာ ဖြစ်ကြောင်း သမ္မတက ပြောပါတယ်။
ရေလက်ကြားကို သတ်မှတ်ထားတဲ့ မူဘောင်အတိုင်း ပြန်ဖွင့်လိုက်ရင် အမေရိကန်အနေနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းရေး၊ ထိန်းချုပ်ခံထားရတဲ့ အီရန် ပိုင်ဆိုင်မှုတွေကို ပြန်လည် ထုတ်ပေးရေးနဲ့ လက်ဘနွန်မှာ အစ္စရေးရဲ့ ရန်လိုတဲ့ လှုပ်ရှားမှုတွေကို ရပ်တန့်ရေးအပါအဝင် ပေးထားတဲ့ ကတိကဝတ်တွေကို တိတိကျကျ လိုက်နာရမှာဖြစ်ကြောင်း ပေဇက်ရှ်ကီယန်က အလေးအနက် ပြောပါတယ်။
ဒါ့အပြင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ တည်ငြိမ်ရေးအတွက် ဘုံမျှော်မှန်းချက် တခု ထူထောင်နိုင်ဖို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
Source:Reuters











