
ဘင်္ဂလားဒေ့ရှ်-မြန်မာနိုင်ငံ နယ်စပ် မိုင်တိုင်အမှတ် ၄၂ နဲ့ ၄၃ အနီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ယောက် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းဌာနတွေက ဖော်ပြပါတယ်။
ဘန်ဒါဘန်ခရိုင်၊ နတ်ကျောက်ဆရီ အနီးက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာရှိတဲ့ သူတို့ရဲ့စိုက်ခင်းကို သွားကြရမှာ မေ ၂၄ ရက်၊ မနက် ၁၀ နာရီလောက်က မြေမြှုပ်မိုင်း နင်းမိပြီး သေဆုံးသွားခဲ့တာလို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။
အခု မိုင်းထိပြီး သေဆုံးသွားသူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရခိုင်မျိုးနွယ်စုဝင် သက္ကမလူမျိုးတွေ ဖြစ်ပြီး Akyamong Tanchangya (၄၀ နှစ်)၊ Chingkshong Chakma (၃၄ နှစ်) နဲ့ Chopoching Chakma (၃၂ နှစ်) တို့ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။
အခု မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ နေရာဟာ နှစ်နိုင်ငံနယ်စပ်က လူမနေတဲ့နေရာမှာ ဖြစ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဘက်က ပြောထားပါတယ်။
သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းကို အခင်းဖြစ်ပွားတဲ့ နေရာကို ထုတ်ယူထားပြီးဖြစ်ပြီး ဘယ်အဖွဲ့အစည်းက မိုင်းထောင်ထားခဲ့တယ် ဆိုတာကို မပြောနိုင်သေးဘူးလို့ နတ်ကျောက်ဆရီ မြို့နယ်အုပ်ချုပ်ရေးမှူး အီနာမူးလ် ဟာဆန်က ပြောပါတယ်။
“အခင်းဖြစ်ပွားတဲ့ နေရာက အလောင်းတွေကို ရဲတပ်ဖွဲ့က ထုတ်ယူထားပြီး ဖြစ်ပါတယ်။ ဘယ်အဖွဲ့အစည်းက မိုင်းထောင်လိုက်တယ် ဆိုတာကို ကျနော်တို့ မသိရသေးဘူး။ ဒီနေရာက လူသူကင်းမဲ့တဲ့ နယ်စပ်ဒေသ ဖြစ်တယ်။”
လက်ရှိ မိုင်းကွဲမှုဖြစ်ပွားခဲ့တဲ့နေရာဟာ ရိုဟင်ဂျာလက်နက်ကိုင်တပ် (ARSA) အဖွဲ့က အမြဲတမ်း သွားလာလှုပ်ရှားမှု ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘီမောလ် တန်ချန်းဂ်ျယားက မီဒီယာတွေကို ပြောကြားထားပါတယ်။
လက်ရှိမှာ မိုင်းပေါက်ကွဲတဲ့နေရာကို ပြည်သူတွေအနေနဲ့ သွားလာတာတွေ မလုပ်ကြဖို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ကန့်သတ်ထားပါတယ်။
Source: Dhaka Tribune၊ The Daily Star










