
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့က ဟိုတယ်နဲ့ တွဲဖက်ဖွင့်လှစ်ထားတဲ့ KTV တခုမှာ ဇွန် ၁၉ ရက် မနက်ပိုင်းက မီးလောင်ကျွမ်းမှု အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။
ဒီမီးလောင်မှုဟာ စစ်အာဏာရှင်နဲ့ သူ့ရဲ့လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့ နယ်စပ်ဒေသမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်ကျွမ်းခဲ့တဲ့ နဂါး နှစ်ကောင်ဟိုတယ်က KTV ပါ တွဲဖက်ဖွင့်လှစ်ထားတာလို့ မြို့ခံတွေက ပြောပါတယ်။
ဒေသတွင်း စီးပွားရေးလုပ်ကိုင်သူ အမျိုးသမီးတယောက်ရဲ့ ပြောပြချက်အရ မူဆယ်မြို့ ဆင်ဖြူပေါက်အနီးမှာရှိတဲ့ “နဂါးနှစ်ကောင်” KTV မှာ မနက် ၈ နာရီခွဲလောက် ကတည်းက မီးစတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး၊ မွန်းလွဲ ၂ နာရီလောက်မှာ မီးငြှိမ်း သတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒီမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေ ရှိနေနိုင်ပေမဲ့ မီးလောင်တဲ့နေရာဝန်းကျင်ကို ပြည်သူ့စစ်အဖွဲ့တွေက ချက်ချင်းရောက်ရှိလာပြီး လုံခြုံရေးအပြည့်နဲ့ ဝိုင်းရံပိတ်ဆို့ထားခဲ့ပါတယ်။ ဒါ့အပြင် အရပ်သားတွေကို အနားကို အကပ်မခံဘဲ တားမြစ်ပိတ်ပင်ထားတယ်လို့ မျက်မြင်တွေ့ ရှိသူ တွေက ပြောပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်း အသေးစိတ်ကိုတော့ တိတိပပ မသိရသေးပေမဲ့ ဟိုတယ်မီးဖိုချောင် ထဲက ဂတ်စ်အိုး ပေါက်ကွဲရာကနေ စတင်လောင်ကျွမ်းတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေကြား ပြော ဆိုနေကြပါတယ်။
ဟိုတယ်နဲ့ KTV တွဲဖက်ထားတဲ့နေရာဖြစ်တာကြောင့် မီးလောင်ချိန်မှာ အခန်းတွေထဲ လူအချို့ ရှိနေနိုင်တယ်လို့လည်း ဟိုတယ်နဲ့ နီးစပ်တဲ့ဒေသခံက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခုလို မီးလောင်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာပါ။ ပြီးခဲ့တဲ့ မေ ၂၇ ရက်ကလည်း လားရှိုးမြို့နယ် လွယ်လမ့်ကျေးရွာက သစ်သီးပွဲရုံဂိုဒေါင်တခု မီးလောင်ကျွမ်းခဲ့ပါသေးတယ်။
ဒေသတွင်း သတင်းမီဒီယာတွေရဲ့ ပြုစုဖော်ပြချက်အရ အခုနှစ် ဇန်နဝါရီလကနေ မေလအထိ ၅ လတာကာလအတွင်း ကျောက်မဲ၊ လားရှိုး၊ နမ္မတူနဲ့ ကွတ်ခိုင် အစရှိတဲ့ ရှမ်းမြောက်ဒေသ မြို့နယ်တွေမှာ မီးလောင်မှုဖြစ်စဉ် အနည်းဆုံး ၉ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သတင်းမှတ်တမ်းတွေအရ သိရပါတယ်။










