
ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမှာ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် မြို့ခံတွေ ထိခိုက်သေဆုံးခဲ့ရပြီးနောက် မြို့တွင်းမှာ သွားလာသူမရှိသလောက် ခြောက်ကပ်နေတဲ့အပြင် ဆေးဝါးနဲ့ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေကိုပါ ဆိုးဆိုးရွားရွား ရင်ဆိုင်နေကြရပါတယ်။
စစ်တွေမြို့လယ် လူစည်ကားရာနေရာတွေကို အောက်တိုဘာ ၂၃ ရက်မနက် ၈ နာရီဝန်းကျင်လောက်မှာ စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့တာပါ။
အဲဒီဗုံးကြဲမှုကြောင့် စစ်တွေမြို့ ရွှေငါးခွဆုံအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး လူ ၆ ယောက်ထက်မနည်း သေဆုံးကာ ၁၀ ယောက်ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ဆိုင်ခန်းနဲ့ နေအိမ်တချို့ပါ ထိခိုက်ပျက်စီးခဲ့ပါတယ်။
လက်ရှိမှာလည်း နေ့စဉ်ရက်ဆက် လက်နက်ကြီးပစ်ခတ်သံတွေနဲ့ လေကြောင်းဗုံးကြဲမှာကို စိုးရိမ်ပူပန်နေကြပြီး အပြင်မထွက်ရဲကြတော့တဲ့အတွက် မြို့တွင်းမှာ ခြောက်ကပ် တိတ်ဆိတ်နေတယ်လို့ စစ်တွေမြို့ခံတွေဆီက သိရပါတယ်။
တဖက်မှာလည်း စစ်ပွဲပြင်းထန်လာမှုကို စိုးရိမ်ပြီး စစ်တွေမြို့ခံတချို့ ရန်ကုန်ကို ထွက်ပြေးတိမ်းရှောင်မှုတွေ များလာနေတယ်လို့ စစ်တွေဒေသခံတယောက်က ပြောပါတယ်။
“ဗုံးကြဲခံရပြီးတဲ့နောက်ပိုင်း ရုန်းရင်းဆန်ခတ် ဖြစ်သွားကြတာပေါ့။ တချို့ ကျောင်းသားမိဘတွေ ဆိုရင် သားသမီးတွေအတွက် စိုးရိမ်ပူပန်မှုတွေနဲ့ ရန်ကုန်ကို အပြီးပိုင် ပြောင်းတော့မဲ့ လူတွေလည်း ရှိနေတာပေါ့နော်။ အပြစ်မဲ့ပြည်သူတွေကို ခုလိုမျိုး နောက်ထပ်ဖြစ်ရပ်တွေ ကြုံလာရမလားဆိုတဲ့ စိုးရိမ်စိတ်ကြောင့် ရန်ကုန်သွားချင်တဲ့ ပြည်သူတွေ ပိုများလာတယ်။”
ဒါပေမဲ့ လက်ထဲမှာ ပိုက်ဆံမရှိတဲ့ အခြေခံလက်လုပ်လက်စား ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ အတွက်ကတော့ ရွှေ့ပြောင်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
လက်ရှိ စစ်တွေ-ရန်ကုန် လေယာဉ်လက်မှတ်ခတွေဟာ ကျပ် ၅ သိန်းခွဲကနေ ၇ သိန်းအထိ မြင့်တက်နေပြီး ၁၀ ရက်လောက် ကြိုတင်ဝယ်ယူမှသာ အဆင်ပြေမဲ့အခြေအနေ ဖြစ်နေပါတယ်။
ဒါကြောင့် စစ်ဘေးတိမ်းရှောင်ဖို့ မလွယ်ကူတဲ့ အခြေခံလက်လုပ်လက်စား ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေကတော့ မြို့တွင်းမှာ ဆေးဝါးပြတ်လပ်မှုနဲ့ စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်နေကြရပါတယ်။
ရန်ကုန်ကလာတဲ့ ဆေးဝါးတွေ လေဆိပ်မှာ သိမ်းဆည်းခံရမှုတွေ ရှိနေသလို စစ်တွေ ဆေးရုံကြီးမှာတောင် အခြေခံဆေးဝါးတွေ ပြတ်လပ်နေပြီး အထူးကုဆရာဝန်ကြီးတွေလည်း မရှိတော့ဘူးလို့ စစ်တွေဒေသခံတယောက်က ပြောပါတယ်။
“ဆေးဝါးမလုံလောက်တာကတော့ စစ်တွေတမြို့လုံးပါပဲ။ ဆေးတွေက သယ်မရဘူး။ စစ်တွေဆေးရုံကြီးမှာ ဆိုရင်လည်း ကျနော်ကိုယ်တိုင် ဟိုတလောက ဆေးရုံတက်ရတဲ့အချိန်မှာ လုံးဝ ဆေးရုံမှာရှိရမဲ့ ဆေးတွေက မရှိတော့ဘူး၊ အပြင်ကနေ ဝယ်ရတယ်။ အထူးကုတွေကလည်း စစ်တွေမြို့ရဲ့ အခြေအနေတွေကို စိုးရိမ်ပြီးတော့ အကုန်လုံးပြေးကုန်ကြပြီ။ ရှိတဲ့ဆရာဝန်နဲ့ သူနာပြုတွေနဲ့ပဲ run နေကြတာ။ အဲလိုမရှိတဲ့ အခြေအနေမျိုးမှာ ကျန်းမာရေးအတွက်ဆိုရင် အခြေခံလူတန်းစားတွေအတွက် ဒါက ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ မလိုလားအပ်ဘဲနဲ့ သေဆုံးရမှုအန္တရာယ်က စစ်တွေဆေးရုံကြီးမှာ ဆေးဝါးမလုံလောက်မှုကြောင့် အဓိကပြဿနာလို့ ဒေသခံတယောက်အနေနဲ့ ထင်ပါတယ်။ ကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ ဆေးဝါးပြတ်လပ်တာတွေကို ပြည်သူတွေ တောင့်ခံနိုင်ပါ့မလားပေါ့နော်။”
ငွေကြေးတတ်နိုင်သူတွေက ရန်ကုန်ကို သွားရောက်ကုသနိုင်ပေမဲ့လည်း အခြေခံ လက်လုပ်လက်စား ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေအတွက်တော့ အသက်ရှင် ရပ်တည်နိုင်ဖို့ကိုတောင် မနည်းရုန်းကန်နေကြရတာပါ။
တဖက်မှာလည်း ထွက်ပြေးစရာလမ်းမရှိတဲ့ စစ်တွေမြို့ပေါ်က သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေဟာ စစ်ပွဲအန္တရာယ်ထက် စားဝတ်နေရေး အကျပ်အတည်းကြောင့် အသက်အန္တရာယ် ပိုများနေတဲ့ အနေအထားပါလို့ စစ်ဘေးရှောင်တယောက်က ပြောပါတယ်။
“စစ်တွေမြို့ အခြေအနေတွေက ပိုပြီး တိတ်ဆိတ်သွားတယ်။ ကြောင့်ကြစိတ်တွေ ပိုဝင်သွားကြတာပေါ့။ အတတ်နိုင်ဆုံး လူစည်ကားတဲ့နေရာတွေကို ရှောင်လာကြတာပေါ့။ စိုးရိမ်မှုတွေတော့ ပိုများလာတာပေါ့။ ဒါပေမဲ့ ကျနော်တို့မှာ ထွက်ပြေးစရာလမ်းစမှ မရှိတာ။ ဒီ့ထက်ပြင်းထန်လာမယ် ဆိုရင်တော့ ဒီနေရာမှာပဲနေပြီး မလွတ်ရင် လွတ်တဲ့နည်းနဲ့ ရှောင်မယ်။ တကယ်လို့ မရှောင်နိုင်ရင်လည်း သေရင် သေသွားမှာပေါ့၊ ဘယ်တတ်နိုင်ပါ့မလဲ၊ ကံပါပဲ၊ ထွက်လို့မှမရတာ။ စားဝတ်နေရေးတွေက ပိုအခက်အခဲ ဖြစ်နေတယ်။ လူတွေ အရမ်းငတ်နေကြပြီ။ စစ်ပွဲထက် စားဝတ်နေရေးကြောင့်ပဲ လူတွေ သေသွားနိုင်တာက ပိုများမှာပါ။”
လက်ရှိမှာတော့ စစ်တွေမြို့က ဒေသခံတွေနဲ့ စစ်ဘေးရှောင် သောင်းနဲ့ချီဟာ လေကြောင်းရန်နဲ့ လက်နက်ကြီးအန္တရာယ်ကို နေ့စဉ်နဲ့အမျှ စိုးရိမ်နေရတဲ့အပြင် ဆေးဝါးပြတ်လပ်မှုနဲ့ စားနပ်ရိက္ခာ ပြတ်လပ်မှု ဒဏ်တွေကိုပါ အလူးအလဲ ခံစားနေကြရပါတယ်။
ကေခိုင်











