
ရခိုင်ပြည်နယ် ရေပိုင်နက်ထဲကို ဝင်ရောက်လို့ ထိန်းသိမ်းခံထားရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၄ ယောက်ကို အာရက္ခတပ်တော်(AA)က ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB)နဲ့ ဆက်သွယ်ပြီး ပြန်လွှဲပြောင်းလိုက်တယ်လို့ AA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရခိုင်ရေပိုင်နက်ထဲကို စက်လှေ စက်ပျက်ပြီး ရောက်ရှိလာတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၁၀ ယောက်နဲ့ စစ်ကောင်စီဆီမှာ ဖမ်းဆီးခံရပြီး လွတ်မြောက်လာသူ ၄ ယောက်တို့ကို AA က BGB ဆီကို ဆက်သွယ်ပြီး မေ ၃ ရက်နေ့က နယ်ခြားမျဉ်းမှာ လွှဲပြောင်းပေးလိုက်တယ်လို့ ကမ်းခြေစောင့်တပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“သူတို့ထဲမှာ စက်ပျက်ပြီး ရခိုင်ရေပိုင်နက်ထဲမှာ မျောပါလာသူ ၁၀ ဦးပါတယ်။ ကျန် ၄ ဦးကတော့ ရခိုင်သို့ ပစ္စည်းလာပို့တာမှာ စစ်ကောင်စီရေတပ်က ဖမ်းဆီးထားတာက လွတ်မြောက်လာသူ ၄ ဦး ပါတယ်။ သူတို့ကို ပြန်လည်လွှဲပေးလိုက်တာ” လို့ပြောပါတယ်။
အရင်ကလည်း ရခိုင်ရေပိုင်နက်ထဲကို ခိုးဝင်ငါးဖမ်းတာကြောင့် AA ဆီမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) နဲ့ ဆက်သွယ်ပြီး ပြန်လွှတ်ပေးခဲ့တာတွေ ရှိပါတယ်။
ဖေဖော်ဝါရီလအတွင်းကလည်း ရခိုင်ရေပိုင်နက်ထဲ ဝင်ပြီး ငါးခိုးဖမ်းတာကြောင့် ဖမ်းဆီးခံထားရသူ ၇၆ ယောက်ကို AA က ပြန်လွှတ်ပေးခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ အစိုးရသစ် ပြောင်းလဲပြီးနောက် ဘင်္ဂလားဒေ့ရှ်-ရခိုင် ဆက်ဆံရေး တိုးတက်လာနေတယ်လို့ စောင့်ကြည့်နေသူတွေက မှတ်ချက်ပေးပါတယ်။










