DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းဖက်ဒရယ်ယူနစ်ရှိ ရေဘေးသင့်နေရာများကို ပူးပေါင်းကော်မတီဖွဲ့ပြီး ကူညီ
ဝေဝေ
·
August 11, 2026
စစ်ကိုင်းဖက်ဒရယ်ယူနစ်ရှိ ရေဘေးသင့်နေရာများကို ပူးပေါင်းကော်မတီဖွဲ့ပြီး ကူညီ
1 / 3
Photo: NUG လူသားစာနာ
Donate to DVB

စစ်ကိုင်းတိုင်းဒေသအတွင်းက ရေဘေးသင့်နေရာတွေကို စစ်ကိုင်းဖက်ဒရယ်ယူနစ် နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပူးပေါင်းပြီး အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး ပူးပေါင်းကော်မတီဖွဲ့ကာ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း ရေကြီးရေလျှံမှုကြောင့် ထိခိုက်နေတဲ့ ဒေသတွေကို အရေးပေါ် ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ထိရောက်အောင် လုပ်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (NUG-MoSLHA) နဲ့ စစ်ကိုင်း ဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ၊ လူသားချင်းစာနာကူညီရေး၊ ပြန်လည်ထူထောင်ရေးနဲ့ အရေးပေါ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန (SFUIG-MoHAREM) အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee-JERC) ကို ဖွဲ့စည်းပြီး ကူညီဆောင်ရွက်နေတယ်လို့ သိရပါတယ်၊

လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေး ဝန်ကြီးဌာနကနေ ကနဦး မတည်ငွေ သိန်း ၁,၀၀၀ အပါအဝင် ပူးပေါင်းမတည်ငွေတွေနဲ့ စစ်ကိုင်းယူနစ်အတွင်း ရေဘေးသင့်နေရာအားလုံးကို ရောက်ရှိအောင် လုပ်ဆောင်ပေးနေကြောင်း NUG ရဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်းမောင်က DVB ကိုပြောပါတယ်၊

“အခု လောလောဆယ်ကတော့ အဲ့ဒီ ကော်မတီရဲ့ ရန်ပုံငွေ အနေနဲ့ တိုက်ရိုက်ဝင်လာတာ မရှိသေးတော့ ပထမ အဆင့်အနေနဲ့ ကျနော်တို့ NUG ဘက်က မတည်တဲ့ ရန်ပုံငွေနဲ့ သူတို့ ယူနစ် မတည်တဲ့ ရန်ပုံငွေရယ်၊ နောက်ပြီ‌ေတော့ မြို့နယ်တွေကနေပြီးတော့ သူတို့ရဲ့ မြို့နယ် ရန်ပုံငွေတွေထဲကနေ အသုံးပြုတာတွေ၊ ဒီ ၃ ခုကို ကျနော်တို့က နေရာမလပ်အောင်နဲ့ မရတဲ့ နေရာတွေ မကျန်ခဲ့အောင် ပထမအဆင့်အနေနဲ့ ကျနော်တို့ ကိုယ့်လက်ထ‌ေမှာရှိတဲ့ ရန်ပုံငွေတွေနဲ့ စပြီးတော့ လုပ်နေတာ ရှိပါတယ်၊ ကူညီနိုင်တာကတော့ တကယ် ကူညီသင့်တဲ့ ပမာဏကို မရောက်နိုင်သေးဘူးပေါ့နော်၊ အဲ့တော့ နောက်ပိုင်းမှာလည်း အများကြီးတော့ လိုအပ်နေ ဦးမယ်ဆိုတာတော့ အဲ့လိုလေး ပြောချင်ပါတယ်။”

JERC က ဘေးသင့်ပြည်သူတွေဆီ အရေးပေါ်ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ထိရောက်စွာ ပေးပို့နိုင်ရေး၊ ဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်ဆုံးရှုံးမှုနဲ့ လိုအပ်ချက်တွေကို အချိန်နဲ့တပြေးညီ စုစည်းအကဲဖြတ်ရေးနဲ့ အကူအညီပေးရေးလုပ်ငန်းတွေ ထပ်နေတာ ဒါမှမဟုတ် လစ်ဟာတာမရှိအောင် ညှိနှိုင်းဆောင်ရွက်ရေးတို့ကို အဓိကလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်၊

စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊ အရာတော်၊ ခင်ဦး၊ ရေဦး၊ ရွှေဘို၊ ဝက်လက်၊ မြင်းမူနဲ့ ဒီပဲယင်းအပါအဝင် မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ အဆိုးဝါးဆုံးအခြေအနေဖြစ်ပွားခဲ့ပြီး စိုက်ပျိုး လယ်ယာမြေတွေ ရေနစ်မြုပ်ခဲ့သလို ကျေးရွာတွေက ပြည်သူသောင်းနဲ့ချီ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

တန့်ဆည်မှာ ဩဂုတ် ၁၁ ရက်အထိ  ကျေးရွာ ၁၁ ရွာ ရေဘေးသင့်နေဆဲ ဖြစ်ပြီး အိမ်ထောင်စု ၂၆၈၃ စုက လူဦးရေ တသောင်းကျော် (၁၀၇၃၃ ယောက်) ‌ရေဘေးကြုံနေရကာ မြို့နယ်တွင်း ရေဘေးကြောင့် သေဆုံးသူ ၄ ယောက်ရှိခဲ့ကြောင်း သိရပါတယ်။

တန့်ဆည်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ တာဝန်ခံက “ဒီမနက် မိုးလေဝသ အခြေအနေကတော့ နေပွင့်ပြီဗျ။ သေဆုံးမှုကတော့ ကျနော်တို့ သတင်းထဲမှာ ၆ ရက်ကစပြီး ရေကြီးတာဆိုတော့ ၄ ယောက် ရှိပါတယ်ဗျ၊ ၂ ယောက်ကတော့ body ပြန်ရတယ်ပေါ့နော်၊ ၂ ယောက်ကတော့ အခုအချိန်ထိ ပြန်မရသေးပါဘူး၊ ရေထဲ ပါသွားတာ။ ကယ်ဆယ်ရေး အနေနဲ့ကတော့ ကျနော်တို့ မြို့နယ်ပသုံးလုံးကတော့ ရှေ့ပြေးပေါ့နော်။ သွားလို့မရတဲ့ နေရာလေးတွေ သွားလို့ရအောင် လမ်းဖောက်တာတို့၊ စက်လှေငှားတာတို့၊ ဖောင်တို့ ဘာတို့ လုပ်ပေးရတာပေါ့ဗျာ။ နောက်က စစ်ဘက်ကနေပြီးတော့ အရေးပေါ် ကယ်ဆယ်ရေးကော်မတီ ဖွဲ့ထားတဲ့ အဖွဲ့တွေက နောက်ကလိုက်ပြီးတော့ အကူအညီ ပံ့ပိုးမှုတွေရှိပါတယ်ဗျ၊ လူသားစာနာတွေကနေပေါ့။ ဒီနေ့က မိုးလည်း မရွာတော့ဘူးဆိုတော့ လွှမ်းခြုံသွားပါပြီ၊ မရောက်တဲ့ နေရာမရှိတော့ပါဘူးဗျ၊ အကုန်လုံး လိုအပ်ချက်တွေကို ဆန်၊ ဆီ၊ ဆားတွေပါ ပို့ပေးလို့ရတဲ့ အနေအထားထိတောင် ရှိသွားပါပြီဗျ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ နေ့စဥ် ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ ဆည်ရေ ဖောက်ထုတ်တာတွေကြောင့် ရေကြီးရေလျှံကာ စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတိုင်းတို့က မြို့နယ်ပေါင်း ၁၇ ခုမှာ ရေလွှမ်းမိုးတာတွေ ဖြစ်ပေါ်နေပြီး  လူဦးရေ (လေးသိန်းခွဲနီးပါး) ၄၄၁,၇၈၈ ယောက်ခန့် ရေဘေးကြောင့် ထိခိုက်နေရကြောင်း ဩဂုတ် ၁၀ ရက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013