မာလီနိုင်ငံ မြို့တော်မှာရှိတဲ့ ဈေးတခုမှာ မေ ၂၀ ရက် ညပိုင်းက မီးအကြီးအကျယ် လောင်ကျွမ်းခဲ့လို့ ဆိုင်တန်းတွေ အများအပြား ပြာကျပျက်စီးသွားခဲ့ပြီး ဒါဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ အရေးကြီးတဲ့ အိဒ် အယ်လ်-အဒ်ဟာ ပွဲတော်ရက်အတွက် အရောင်းသွက်မဲ့အချိန် မတိုင်ခင်လေးမှာပဲ ဖြစ်ပွားခဲ့တာပါ။
ကုန်သည်တွေရဲ့ ပြောပြချက်အရ မီးလောင်မှုဟာ အပေါ်ထပ် မီးဖိုချောင်တခုက ဂက်စ်အိုးယိုစိမ့်ပြီး ပေါက်ကွဲရာကနေ စတင်ခဲ့တာဖြစ်ပြီး မီးသတ်သမားတွေဟာ မီးကိုထိန်းချုပ်နိုင်ဖို့ နာရီပေါင်းများစွာ ခက်ခက်ခဲခဲ ငြှိမ်းသတ်ခဲ့ရပါတယ်။
အပေါ်ထပ်က မီးဖိုချောင်မှာ ဂက်စ်ယိုစိမ့်ပြီး ပေါက်ကွဲမှုဖြစ်သွားတော့ မီးက အရမ်း မြန်မြန်ဆန်ဆန် ကူးစက်သွားတာပဲလို့ ကုန်သည်များအသင်းဥက္ကဋ္ဌ ဒရာမန် ဒီယာရာက ပြောပါတယ်။
မေ ၂၁ ရက် မနက်ပိုင်းမှာတော့ ကုန်သည်တွေဟာ ပျက်စီးသွားတဲ့ အပျက်အစီးတွေကို ရှင်းလင်းနေကြပြီး ပုံမှန်ဆိုရင် ရောင်းအားအကောင်းဆုံးဖြစ်မဲ့ ရာသီမှာ အခုလို အကြီးအကျယ် ဆုံးရှုံးသွားရတဲ့အတွက် ရင်ကျိုးနေကြပါတယ်။
မွတ်စလင်အများစုရှိတဲ့ ဒီနိုင်ငံမှာ လာမဲ့သီတင်းပတ်မှာ ကျင်းပမဲ့ ဒေသအခေါ် ‘တာဘာစကီ’ လို့လည်း သိကြတဲ့ အိဒ်ပွဲတော် မတိုင်ခင် ဝယ်လိုအား မြင့်တက်လာမဲ့ အခြေအနေကို မျှော်မှန်းပြီး ကုန်ပစ္စည်းတွေ အပြည့်အစုံ စုဆောင်းထားခဲ့ကြတဲ့ ကုန်သည်တွေအတွက်တော့ ဒီဆုံးရှုံးမှုဟာ ကြီးမားလွန်းလှပါတယ်။
ဈေးသည် မူဆာ ဒမ်ဘီလီက “ဆိုင်တွေရော၊ ကုန်ပစ္စည်းနဲ့ ငွေကြေးတွေပါ အကုန်ပြာကျသွားပြီ။ တချို့ဆိုင်တွေဆို အာဖရိက ဖရန့်ငွေ သန်း ၁၀၀၊ သန်း ၃၀၊ ၃ သန်း၊ ၁၀ သန်းဖိုးအထိ ဆုံးရှုံးကုန်တာ” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လက ကာကွယ်ရေးဝန်ကြီး ဆာဒီယို ကာမာရာ သေဆုံးခဲ့ရတဲ့ သူပုန်တွေရဲ့ တိုက်ခိုက်မှုကြောင့် မြို့တော်နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ လုံခြုံရေးစိုးရိမ်မှုတွေ မြင့်တက်နေချိန်နဲ့ မာလီနိုင်ငံအတွက် အထိမခံတဲ့ အခြေအနေမျိုး ကြုံတွေ့နေရချိန်မှာ အခုလို မီးလောင်မှု ထပ်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
Source: Reuters











