
အီးယူက GSP အခွန်ကင်းလွတ်ခွင့်တွေ ပိတ်လိုက်ရင် အထည်ချုပ်လုပ်ငန်းတွေ မထိခိုက်အောင် ဖြစ်လာရင် ဘာတွေ လုပ်မလဲဆိုတာကို CMP အသင်းနဲ့ ချိတ်ဆက်ဆွေးနွေးပြီး ဆောင်ရွက်နေတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းက ပြောတယ်။
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ၂ဝ၁၈ ခုနှစ် ဧပြီလကနေ စက်တင်ဘာလထိ ကုန်သွယ်မှု ဆိုင်ရာကိစ္စရပ်တွေ ရှင်းလင်းပွဲမှာ အခုလို ပြောတာပါ။
“ဖြစ်နိုင်တယ်ဆိုတဲ့အနေအထားတွေကတော့ ကျနော်တို့လည်း ကြားနေတယ်။ အဲလို ကြားနေတယ်ဆိုတဲ့ အချိန်မှာကတည်းက သက်ဆိုင်တဲ့ CMPအသင်းကို ချိတ်ဆက်ပြီးမေးနေပြီ၊ ဆောင်ရွက်နေပြီ။ ဖြစ်လာရင်ဘယ်လိုလုပ်မလဲ၊ ပထမတချက်ကတော့ မဖြစ်အောင် အတွက်ဆိုတာ ကျနော်တို့တွေ ညှိနှိုင်းနေတယ်။ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ အသင်းအဖွဲ့တွေနဲ့လည်း ဆွေးနွေးနေတာတွေ ညှိနှိုင်းထားတာတွေရှိတယ်။ ဖြစ်လာလို့ ရှိရင်လည်း အဲဒီဈေးကွက်အစား ဘယ်ဈေးကွက်ကို ပြောင်းပြီးတော့ လုပ်မလဲဆိုတာ သက်ဆိုင်ရာ CMP အ သင်းကနေ စီမံနေပြီ။ ကျနော်တို့ကလည်း ဒီဟာတွေကြားတဲ့အချိန်မှာ သက်ဆိုင်ရာ CMP အသင်းနဲ့ ချိတ်ဆက်ပြီးတော့ ဘယ်လိုလုပ်ကြမလဲ၊ မဖြစ်အောင်ကာကွယ်မယ်၊ ဖြစ်လာရင် ဘာလုပ်မှာလဲ၊ ဖြစ်လာရင် ဈေးကွက်ကို ဘယ်လိုရွှေ့မလဲ၊ ဒါတွေကို သက်ဆိုင်ရာ အသင်းကလည်း အသေးစိတ်စီမံနေပါပြီ” လို့ ဆိုပါတယ်။
ဝန်ကြီးဌာနအနေနဲ့ကတော့ နောက်ထပ် အလားအလာရှိတဲ့ ဈေးကွက်တွေ ရှာနေတယ်လို့ ဆိုပါတယ်။
“အဲဒီအပေါ်မှာ သူတို့ဆီက ကော်မရှင်တွေဘာတွေ လာမယ်ဆိုတာတော့ ကြားနေတယ်။ ကော်မရှင်လာမယ်ဆိုလို့ရှိရင် ကျနော်တို့ ဘယ်လိုညှိမလဲဒါပဲ။ ကျနော်တို့အပိုင်းမှာ သက်ဆိုင်တဲ့ ဌာနတွေရှိမယ်၊ သက်ဆိုင်တဲ့အသင်းအဖွဲ့ရှိမယ်၊ မဖြစ်အောင် ဒါဘယ်လို ညှိနှိုင်းမလဲ၊ ကျနော်တို့အပိုင်းမှာ ညှိနှိုင်းလို့ရမယ်။ သူ့ဟာသူလုပ်တဲ့အပေါ်မှာတော့ ကျနော်တို့အနေနဲ့ ဘာမှပြောစရာအကြောင်း မရှိဘူး။ ဖြစ်လာရင်လည်း ကျနော်တို့ ဘယ်လိုရင်ဆိုင်မလဲ။ အခုနက ပြောသလိုပေါ့ ဈေးကွက်ဘယ်နေရာတွေကို ရွှေ့မှာလည်း၊ အလားအလာ(Potential)ရှိတဲ့ ဈေးကွက်တွေ ရှာနေတယ်။ သက်ဆိုင်ရာ အသင်းအဖွဲ့ကလည်း ရှာနေတယ်။ ကျနော်တို့ အပိုင်းမှာလည်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးရော၊ ကုန်သွယ်ရေးဦးစီးဌာနရော ဘယ်လိုဈေးကွက်တွေဟာ ရှိလာနိုင်လည်း၊ အဲဈေးကွက်တွေကို ဘယ်လိုရွှေ့နိုင်မလဲဆိုတာကို ပြင်ဆင်နေကြတယ်” လို့ အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။
အီယူးရဲ့ ဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွေဟာ ပြည်သူတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ထိခိုက်နစ် နာစေတာတွေ မလုပ်ဖို့ ဥရောပသမဂ္ဂ(အီးယူ) ကို အစိုးရက ရှင်းပြနေတယ်လို့ အောက်တိုဘာလ ၅ ရက်နေ့က သမ္မတအိမ်တော်မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆို ထားပါတယ်။










