DVB Logo
Home
Lead Story
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု အထိမ်းအမှတ်ကျောက်တိုင် နယူးကာဆယ်မြို့၌ စိုက်ထူ  
DVB
·
April 14, 2026
Photo: BROUK
Photo: BROUK
Donate to DVB

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု အထိမ်းအမှတ်ကျောက်တိုင်ကို ယူကေနိုင်ငံ၊ နယူးကာဆယ်မြို့မှာ ပထမဆုံးအကြိမ် စိုက်ထူဖွင့်လှစ်ထားလိုက်တယ်လို့  ယူကေခြေစိုက် မြန်မာရိုဟင်ဂျာအသင်း (BROUK) က ဧပြီ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။

နယူးကာဆယ်မြို့ဟာ ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုအတွင်း သေဆုံးခဲ့ရသူတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေအတွက် ရည်စူးတဲ့ အထိမ်းအမှတ်ကျောက်တိုင်ကို ကမ္ဘာမှာ ပထမဆုံး စိုက်ထူဖွင့်လှစ်တဲ့မြို့ ဖြစ်လာခဲ့ပါတယ်။

နယူးကာဆယ်မြို့တော်ကောင်စီရဲ့ ငြိမ်းချမ်းရေးဥယျာဉ်မှာရှိတဲ့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု အထိမ်းအမှတ် ထာဝရကျောက်တိုင်ကို ဧပြီ ၁၂ ရက်က မြို့တော်ကောင်စီခန်းမမှာ အခမ်းအနားနဲ့ တရားဝင် ဖွင့်လှစ်ခဲ့တာပါ။ 

နယူးကာဆယ်မြို့တော်ဝန် ဟင်နရီ ဂါလက်ဂါနဲ့ ဆန်းဒါးလန်း မြို့တော်ဝန် အက်တေးရှမ်ဟော့ခ် တို့က ဦးဆောင်ခဲ့ပြီး ကျောက်တိုင်ကို တရားဝင် ဖွင့်လှစ်ပေးခဲ့ပြီး ရိုဟင်ဂျာအသိုက်အဝန်းနဲ့ လူ့အခွင့်ရေးလှုပ်ရှားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီအစီအစဉ်ကို နယူးကာဆယ်မြို့တော်ကောင်စီဝင်နဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဟာဘစ် ရာမန်၊ Rohingya Action North East (RANE)၊ British Rohingya Community (BRC) နဲ့ BROUK အဖွဲ့တို့က ဦးဆောင်ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒီကျောက်တိုင်ကို Nationwide Headstone ကုမ္ပဏီက ပြုလုပ်ခဲ့ပြီး BRC၊ BROUK နဲ့  RANE အဖွဲ့အစည်းတွေက ပူးပေါင်းရန်ပုံငွေ ထည့်ဝင်ခဲ့တာပါ။

ဒါဟာ နယူးကာဆယ်အတွက်တင်မကဘဲ ကမ္ဘာလုံးဆိုင်ရာ အသိုက်အဝန်းအတွက်ပါ သမိုင်းဝင်တဲ့ အခိုက်အတန့်ဖြစ်ပါတယ်လို့ ရာမန်က ဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။

“ဒီနေ့မှာ ကျနော်တို့ ဆုံးရှုံးသွားတဲ့ အသက်တွေကို ဂုဏ်ပြုတယ်၊ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ကြံ့ကြံ့ခံနိုင်မှုကို အသိအမှတ်ပြုတယ်၊ ပြီးတော့ လူမျိုးတုံးသတ်ဖြတ်မှုဆိုတာကို ဘယ်တော့မှ လျစ်လျူမရှုသင့်သလို မေ့ပျောက်မသွားသင့်ဘူးဆိုတဲ့ ရှင်းလင်းတဲ့ သတင်းစကားကို ပေးလိုက်တာပါ။ ရိုဟင်ဂျာလူထုဟာ ဆယ်စုနှစ်ပေါင်းများစွာ နှိပ်စက်ညှဉ်းပန်းမှုတွေကို ခံစားခဲ့ရပြီး လူပေါင်းတသန်းကျော်ကို နေရပ်စွန့်ခွာစေခဲ့တဲ့ အစုလိုက်အပြုံလိုက် အကြမ်းဖက်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွင်းမှာ အဆုံးသတ်ခဲ့ရပါတယ်။”

ရိုဟင်ဂျာတွေအတွက်တော့ ဒီအထိမ်းအမှတ်ကျောက်တိုင်ဟာ မြန်မာနိုင်ငံမှာ  ၁၀ စုနှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို နိုင်ငံတကာက အသိအမှတ်ပြုလာစေဖို့ အရေးကြီးတဲ့ ခြေလှမ်းတခု ဖြစ်ပါတယ်။

မြန်မာပြည်တွင်းမှာ လူမျိုးရေး ဘာသာရေး ဖိနှိပ်မှုတွေ၊ ခွဲခြားမှုတွေ၊ နှိပ်စက်မှုတွေကြောင့် ရိုဟင်ဂျာတွေဟာ အရှေ့တောင်အာရှနဲ့ ယူကေအပါအဝင် တတိယနိုင်ငံတွေမှာ ရွှေ့ပြောင်းအခြေချ နေထိုင်နေကြသူတွေလည်းရှိပါတယ်။

BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က “ကမ္ဘာကြီးက အရေးယူဖို့ ပျက်ကွက်နေချိန်မှာ ကျနော်တို့ရဲ့ ဆင်းရဲဒုက္ခတွေကို ငြင်းပယ်ခံခဲ့ရ၊ လျစ်လျူရှုခံခဲ့ရပြီး ဘေးဖယ်ထားခံခဲ့ရတာ ကြာပါပြီ။ ဒီအထိမ်းအမှတ်ကျောက်တိုင်ဟာ ကျနော်တို့ရဲ့ နာကျင်မှုကို အသိအမှတ်ပြုကြောင်း၊ ကျနော်တို့ရဲ့ အသံတွေက အရေးပါကြောင်းနဲ့ အမှန်တရားကို ဖျောက်ဖျက်လို့မရကြောင်း ပြသနေတဲ့ အားကောင်းတဲ့ ပြယုဂ်တခုပါ”လို့ ပြောပါတယ်။

BRC မှ နိုင်ဂျမ် အူဒင်ကတော့ နယူးကာဆယ်မြို့တော်ကောင်စီရဲ့ ငြိမ်းချမ်းရေးဥယျာဉ်ဟာ ပြန်လည်သုံးသပ်ဆင်ခြင်ဖို့နဲ့ ဂုဏ်သိက္ခာရှိတဲ့ နေရာတခုကို ဖန်တီးပေးထားကြောင်း၊ ဒါ့အပြင် နောင်မျိုးဆက်သစ်တွေအနေနဲ့ ဒီလိုရက်စက်ကြမ်းကြုတ်မှုမျိုး ထပ်မံမဖြစ်ပွားစေဖို့ ပညာပေးတဲ့ အရေးကြီးတဲ့နေရာတခုဖြစ်တယ်လို့ ပြောပါတယ်။

ဒီအထိမ်းအမှတ်ကျောက်တိုင်ဟာ မြန်မာနိုင်မှာ တရားမျှတမှုနဲ့ တာဝန်ခံမှု လိုအပ်နေတဲ့ ရိုဟင်ဂျာလူထုရဲ့ နိုင်ငံတကာသို့ တောင်းဆိုချက်အဖြစ် တည်ရှိနေမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေဟာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေမှာ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာလည်း ရိုဟင်ဂျာတွေအပေါ် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။

ရိုဟင်ဂျာ တသန်းနီးပါးဟာ  မြန်မာနိုင်ငံကနေ  နေရပ်စွန့်ခွာကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရပြီး၊ နယ်စပ်ရှိ ဒုက္ခသည်စခန်းတွေမှဦ တရားဝင်ပညာသင်ကြားခွင့်၊ အလုပ်အကိုင် အခွင့်အလမ်းနဲ့ လွတ်လပ်စွာ သွားလာခွင့်တွေမရှိဘဲ ပိတ်လှောင်ခံထားရပါတယ်။ 

မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် တိုက်ခိုက်မှုကို အမေရိကန်အစိုးရက ၂၀၂၂ ခုနှစ်မှာ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ကြေညာခဲ့ပါတယ်။

ဂမ်ဘီယာနိုင်ငံကလည်း မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲပြီး ၂၀၁၉ ခုနှစ်က  အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲဆိုခဲ့ပါတယ်။

မြန်မာအာဏာသိမ်း စစ်တပ်ဘက်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက အပြည်ပြည်ဆိုင်ရာတ ရားရုံး (ICJ) ကြားနာမှုမှာတော့ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေအပေါ် ခုခံချေပခဲ့ပါတယ်။ 

အလားတူ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) ရှေ့နေချုပ် ကရင်မ်ခန်းကလည်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်မှာ  ICC တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်မှာ အာဂျင်တီးနားတရားရုံးတခုက မင်းအောင်လှိုင်နဲ့ အတူ တခြားမြန်မာစစ်တပ်နဲ့ အစိုးရအဆင့်မြင့်အရာရှိ ၂၄ ယောက်ကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013