DVB Logo
Home
ဆောင်းပါး
စစ်ဗိုလ်ချုပ်တွေရဲ့ ရွေးကောက်ပွဲအပေါ် လှည့်စားမခံပါနဲ့ 
DVB
·
August 8, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ကုတ်အင်္ကျီဝတ် နက်ကတိုင်တပ်အာဏာသိမ်းခေါင်းဆောင်ဟာ အာဏာရှင်ပါပဲ

ဒီပုံစံက ရင်းနှီးပြီးသားပါ။ စစ်တပ်ကလူတယောက်က အာဏာသိမ်းမယ်။ အတိုက်အခံတွေကို ထောင်ချ ဒါမှမဟုတ် ပြည်ပကို ထွက်ပြေးစေမယ်။ အတုအယောင် ရွေးကောက်ပွဲတခု ကျင်းပမယ်၊ ပြီးတော့ အုပ်ချုပ်သူက စစ်ယူနီဖောင်းကို ချွတ်ပြီး ကုတ်အင်္ကျီနဲ့ နက်ကတိုင်ကို ပြောင်းဝတ်မယ်။ ပြီးရင် သူ့ကိုယ်သူ ပိုပြီး တရားဝင်ပုံပေါက်တဲ့ "သမ္မတ" ဆိုတဲ့ ဂုဏ်ပုဒ်ကို ပေးအပ်လိုက်မယ်။

ဒီလိုမျိုး ၂၀၁၃ ခုနှစ်က အီဂျစ်မှာ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ဂါဘွန်နိုင်ငံမှာ ဖြစ်ခဲ့ပါသေးတယ်။ အခု ဒီနှစ်မှာလည်း မြန်မာနိုင်ငံမှာ ဒီအတိုင်း ဖြစ်လာပြန်ပါပြီ။ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒီဇာတ်ညွှန်းအတိုင်း အတိအကျလိုက်ကနေပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒီမိုကရေစီသင်္ကေတ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲအပြီး  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ သူက အာဏာသိမ်းခဲ့ပါတယ်။ အဲဒီနောက် စစ်ဗိုလ်ချုပ်ဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကို အလျင်အမြန် ပိတ်ပင်ခဲ့ပြီး၊ သတင်းမီဒီယာတွေကို နှုတ်ပိတ်ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားပါတီခေါင်းဆောင်တွေကို ထောင်ချခဲ့ပါတယ်။

ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတဲ့အခါမှာတော့ သူက စစ်တပ်ကိုလွှတ်ပြီး အကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒီမိုကရေစီလိုလားတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ နယ်စပ်ဒေသက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းသွားကြပြီး ရက်စက်ကြမ်းကြုတ်တဲ့ သွေးထွက်သံယို ပြည်တွင်းစစ်ကြီး စတင်လာပါတော့တယ်။

အာဏာသိမ်းစစ်တပ်ဟာ တိုင်းပြည်နယ်မြေရဲ့ ၃ ပုံ ၁ ပုံအောက်ကိုပဲ ထိန်းချုပ်ထားနိုင်ပေမဲ့ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတွေမှာ အဆင့် ၃ ဆင့်ခွဲပြီး သူတို့ဘာသာ ရွေးကောက်ပွဲလို့ ခေါ်တဲ့အရာကို ကျင်းပခဲ့ပါတယ်။ လူအများစုက မဲမပေးနိုင်သလို မဲပေးဖို့လည်း ဆန္ဒမရှိကြပါဘူး။ ရွေးကောက်ပွဲ ကျင်းပနေစဉ်မှာပဲ စစ်တပ်က အတိုက်အခံတွေ ကြီးစိုးတဲ့ နယ်မြေတွေကို လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေခဲ့ပါတယ်။ ဒါဟာ အထွေထွေရွေးကောက်ပွဲ မဟုတ်ပါဘူး။ စစ်ဗိုလ်ချုပ်တွေရဲ့ ရွေးကောက်ပွဲ သက်သက်ပါပဲ။

ရလဒ်ကတော့ ကြိုမှန်းထားနိုင်တဲ့အတိုင်းပါပဲ။ စစ်တပ်ကရေးဆွဲထားတဲ့ အခြေခံဥပဒေအရ လွှတ်တော်အမတ်နေရာရဲ့ ၄ ပုံ ၁ ပုံကို စစ်တပ်အတွက် အာမခံပေးထားပြီးသားပါ။ စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ကျန်ရှိတဲ့ ရွေးကောက်ခံနေရာတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ရယူသွားခဲ့ပါတယ်။ ပြီးတော့ (မအံ့သြပါနဲ့) ပြီးခဲ့တဲ့ ဧပြီလမှာ အဲဒီလွှတ်တော်သစ် (အတုအယောင်လွှတ်တော်) ကနေ မင်းအောင်လှိုင်ကို သမ္မတအဖြစ် တင်မြှောက်လိုက်ကြပါတယ်။

အဲဒီအချိန်ကစပြီး မင်းအောင်လှိုင်ဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရဖို့ အသည်းအသန် ကြိုးပမ်းနေပါတယ်။ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကို တရားဝင် အလည်အပတ် သွားရောက်ခဲ့ပြီး၊ တရားဝင် နိုင်ငံတော်အကြီးအကဲ တယောက်နဲ့ ထိုက်တန်တဲ့ အခမ်းအနားတွေနဲ့ ကြိုဆိုခံခဲ့ရပါတယ်။ ကွန်မြူနစ် တပါတီစနစ်နဲ့ အုပ်ချုပ်နေတဲ့ နိုင်ငံငယ်လေးဖြစ်တဲ့ လာအို ကလည်း သူ့ကို ကြိုဆိုခဲ့ပါတယ်။

လောလောဆယ်အချိန်အထိ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ကတော့ မြန်မာနိုင်ငံကို အသင်းကြီးထဲ အပြည့်အဝ ပြန်လည်လက်ခံဖို့ တရားဝင် ငြင်းဆန်ထားဆဲပါ။ (အဆင့်နိမ့် အစည်းအဝေးတွေကိုသာ တက်ခွင့်ပြုထားပါတယ်)။ ဒါပေမဲ့ အာဆီယံအဖွဲ့ဝင် တချို့ကတော့ ယိမ်းယိုင်လာပြီး စစ်အာဏာရှင်အစိုးရနဲ့ စတင်ဆက်ဆံဖို့ ဆန္ဒရှိနေကြတယ်ဆိုတဲ့ စိုးရိမ်စရာ လက္ခဏာတွေ ရှိနေပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံဆိုရင် သြဂုတ်လ ၆ ရက်နဲ့ ၇ ရက်တွေမှာ စစ်အာဏာရှင် မင်းအောင်လှိုင်ကို ဘန်ကောက်မှာ တရားဝင် လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ 

တချိန်တည်းမှာပဲ အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲပါ။ သြဂုတ် ၃ ရက်မှာ စစ်အာဏာရှင်က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်တွေနဲ့ သူ့ကို တွေ့ဆုံခွင့်မပေးခင်အထိ၊ ၂ နှစ်ကျော်ကြာအောင် သူ့ဆီကနေ ဘာသတင်းမှ မကြားခဲ့ရပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ ဖိအားတွေ ကြီးမားလာတဲ့အပေါ် အလျှော့ပေးလိုက်ရတဲ့ စစ်ဗိုလ်ချုပ်တွေဟာ၊ တွေ့ဆုံမှု ဓာတ်ပုံ ၂ ပုံနဲ့ သ မွေးနေ့ကိတ်ခွဲနေတဲ့ ဓာတ်ပုံ ၂ ပုံကို ချက်ချင်း ထုတ်ပြန်ခဲ့ပါတယ်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီ အကူးအပြောင်းကို မဦးဆောင်ခင်က ထောင်ဒဏ်နဲ့ နေအိမ်အကျယ်ချုပ် ၁၅ နှစ်တိတိ ကျခံခဲ့ရသူပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာချိန်မှာတော့၊ မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် စစ်တပ်က ညှဉ်းပန်းနှိပ်စက်မှုတွေကို ထုတ်ဖော်မပြောဆိုခဲ့တဲ့အတွက် သူ့ရဲ့ နိုင်ငံတကာ ထောက်ခံမှု အများအပြားကို ဆုံးရှုံးခဲ့ရပါတယ်။ အောက်စဖို့ဒ် တက္ကသိုလ်၊ စိန့်ဟျူးစ် ကောလိပ်ဆိုရင် သူ့ရဲ့ ပုံတူပန်းချီကားကို အများပြည်သူမြင်ကွင်းကနေ ဖြုတ်ချခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ မျှော်လင့်ချက်တွေရဲ့ အားကောင်းတဲ့ သင်္ကေတအဖြစ် ဆက်လက်တည်ရှိနေဆဲပါ။

တဖက်မှာလည်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) က အစိုးရရှေ့နေတယောက်ဟာ မင်းအောင်လှိုင် ကိုယ်တိုင် ကြိုးကိုင်ညွှန်ကြားခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ကြောင့်၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ သူ့ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုထားပါတယ်။

ဒီလို တရားဝင်မှု လုံးဝမရှိတဲ့ အစိုးရနဲ့ ဆက်ဆံရေးကို မြန်မာ့အိမ်နီးချင်း တချို့က ပုံမှန်ဖြစ်အောင် ဘာကြောင့် အသည်းအသန် လုပ်ချင်နေကြတာလဲ။ လက်တွေ့နိုင်ငံရေးရဲ့ အရုပ်ဆိုး အကျည်းတန်တဲ့ မျက်နှာစာပေါင်းများစွာကို အခုတွေ့နေရပါပြီ။ တရုတ်နိုင်ငံအတွက်ကတော့ သူတို့ထက် အားနည်းတဲ့ အိမ်နီးချင်းအပေါ် ဩဇာလွှမ်းမိုးမှု ဆက်လက်ထားရှိဖို့ပါ။ တရုတ်ဟာ အန္တရာယ်ကင်းအောင် အမြဲ နှစ်ဖက်ခွကစားလေ့ရှိပြီး၊ နေပြည်တော်မှာ ဘယ်အစိုးရပဲတက်တက် ထောက်ခံလေ့ရှိသလို၊နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေကိုလည်း ဩဇာညောင်းအောင် လုပ်ထားပြီး လက်နက်တွေ ထောက်ပံ့ပေးထားပါတယ်။

မြန်မာနဲ့ နယ်စပ်ချင်း အရှည်ကြီး ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံကလည်း မြန်မာပြည်က သတ္တုသိုက်တွေ၊ အထူးသဖြင့် မြေရှားသတ္တုတွေကို ပိုပြီး မျက်စိကျလာပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်၊ သြစတြေးလျနဲ့ အမေရိကန်တို့ ပြီးရင် ကမ္ဘာပေါ်မှာ စတုတ္ထမြောက် မြေရှားသတ္တု အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံပါ။ နယူးဒေလီအနေနဲ့ ဘေဂျင်းက လွှမ်းမိုးထားတဲ့ ထောက်ပံ့ရေးကွင်းဆက်ကနေ ရုန်းထွက်ချင်နေပါတယ်။ ဒါပေမဲ့ မြန်မာပြည်က မြေရှားသတ္တု အများစုက ကချင်ပြည်နယ်ထဲမှာရှိပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပါတယ်။

ထရမ့်ပ်အစိုးရအဖွဲ့ကလည်း မြန်မာပြည်က မြေရှားသတ္တုတွေကို မျက်စိကျနေပါတယ်။ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုက အမေရိကန်အနေနဲ့ တခြားနိုင်ငံတွေရဲ့ ရွေးကောက်ပွဲ တရားမျှတမှု ဒါမှမဟုတ် ဂုဏ်သိက္ခာနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးတော့မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါဟာ အင်မတန် ဆိုးရွားတဲ့ သာဓကတခုပါ။

ဒါ့အပြင် အမေရိကန်နဲ့ မြန်မာတို့ဟာ အွန်လိုင်း ငွေလိမ်လည်မှု Scam စင်တာတွေနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို ပူးပေါင်းတိုက်ဖျက်ဖို့ ဇွန်လမှာ အဆင့်နိမ့် ဆွေးနွေးပွဲတွေ လုပ်ခဲ့ကြပါတယ်။ စကားပြောတာက ပြဿနာမရှိပေမဲ့ ဆက်ဆံရေး ပုံမှန်ဖြစ်သွားပြီလို့ သွယ်ဝိုက် အဓိပ္ပာယ်သက်ရောက်သွားတာမျိုးတော့ မဖြစ်သင့်ပါဘူး။

လွန်ခဲ့တဲ့ ၅ နှစ်ခွဲကာလ ပြည်တွင်းစစ်ကြောင့် မြန်မာနိုင်ငံဟာ ဖရိုဖရဲ ဖြစ်နေပါပြီ။ တိုက်ပွဲတွေကြောင့် လူ ၄ သန်းကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ (တချို့ဆိုရင် အကြိမ်ကြိမ် ထွက်ပြေးနေရတာပါ)။ အနည်းဆုံးလူဦးရေ ၁၆ သန်း လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေပြီး၊ သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ ပြင်းထန်တဲ့ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေရပါတယ်။

စေတနာကောင်းရှိသူ အများအပြားဟာ ဒီစစ်ရေးအရ အသေအလဲဖြစ်နေတဲ့ အခြေအနေကို ချိုးဖျက်နိုင်မဲ့ ဘယ်လိုနည်းလမ်းကိုမဆို ရှာဖွေနေကြပါတယ်။ ဒါပေမဲ့ ဒါဟာ တရားမဝင်တဲ့ အစိုးရတရပ်ကိုအသိအမှတ်ပြုလိုက်တာမျိုး မဖြစ်သင့်ပါဘူး။ အထူးသဖြင့် စစ်ရာဇဝတ်ကောင်လို့ စွပ်စွဲခံထားရသူက ဦးဆောင်နေတဲ့ အစိုးရမျိုးကိုပေါ့။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် မတရားဖမ်းဆီးခံထားရဆဲ အချိန်မျိုးမှာ ပိုပြီးတော့တောင် မလုပ်သင့်ပါဘူး။ အမေရိကန်နိုင်ငံအနေနဲ့ အများအားဖြင့် မနှစ်မြို့စရာကောင်းတဲ့ အစိုးရတွေနဲ့ ဆက်ဆံရလေ့ ရှိပါတယ်။ ဒါပေမဲ့မြန်မာနိုင်ငံကိစ္စမှာတော့ အမေရိကန်အနေနဲ့ သူ့ရဲ့ မူဝါဒတွေကို စောင့်ထိန်းနိုင်တဲ့ အခွင့်အရေးမျိုး ရှိနေပါတယ်။

ကိသ်ဘီရစ်ချ်ဘဂ် 

Ref: Washington Post

(ဝါရှင်တန်ပို့စ်သတင်းစာတွင် Keith B. Richburg ရေးသားထားသည့် “Don’t fall for Myanmar’s election of generals” A coup leader in a suit and tie is still a dictator  ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013