
မက္ကဆီကိုနိုင်ငံထုတ် ရေခဲ ဆလတ်ရွက်ထုပ်တွေကနေတဆင့် ဆိုင်ကလိုစ်ပိုရီးယားစစ်စ် ခေါ် အူလမ်းကြောင်း ကပ်ပါးပိုး ကူးစက်ရောဂါဟာ အမေရိကန်မှာ စံချိန်တင် ပြင်းထန်စွာ ကူးစက်နေပြီး ပထမဆုံး လူသေဆုံးမှုတွေပါ စတင်ရှိလာပြီလို့ ကျန်းမာရေးတာဝန်ရှိသူတွေက ဩဂုတ် ၃ ရက်မှာ ပြောပါတယ်။
သေဆုံးသူ ၂ ယောက်မှာ မူလရောဂါအခံရှိကြပြီး ပြင်းထန် ရေဓာတ်ခန်းခြောက်မှုကြောင့် မူလရောဂါဆိုးရွားကာ ခန္ဓာကိုယ်တွင်း ကလီစာတွေ ပျက်စီးပြီး သေဆုံးခဲ့ရတာလို့ မစ်ရှီဂန်ပြည်နယ် ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။
ရောဂါပိုး ပင်မရင်းမြစ်ကို ရှာဖွေဖို့ အချိန်ကြာခဲ့တာအပြင် ၂၀၂၅ ခုနှစ်က ရောဂါ စောင့်ကြည့်သတင်းပို့ရမဲ့ စည်းမျဉ်းကို "မဖြစ်မနေ" သတင်းပို့စနစ်မှ "သဘောဆန္ဒအလျောက်" သတင်းပို့စနစ်ကို လျှော့ချလိုက်တာကြောင့် ရောဂါကူးစက်မှု အလွန်အမင်း ကြီးမားသွားရတာ ဖြစ်ကြောင်း NYU ဂရော့စ် မန်း ဆေးတက္ကသိုလ်မှ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ အထူးကု ဒေါက်တာ ရာဘီယာ ဒီလာတူးက ထောက်ပြပါတယ်။
အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ရဲ့ စုံစမ်းစစ်ဆေးချက်အရ အနည်းဆုံး ပြည်နယ် ၉ ခုအထိ ပျံ့နှံ့နေတဲ့ ဒီရောဂါဟာ မက္ကဆီကိုအလယ်ပိုင်းရှိ တေလာ စိုက်ခင်း လုပ်ငန်းစုက စိုက်ပျိုးပြီးတာကို ဘဲလ် စားသောက်ဆိုင်တွေမှာ ရောင်းချခဲ့တဲ့ ရေခဲဆလတ်ရွက်တွေကနေ စတင်ခဲ့တာဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။
လက်ရှိမှာ အဲဒီ ဆလတ်ရွက်တွေကို ဈေးကွက်ထဲကနေ ပြန်လည်သိမ်းဆည်းထားပြီး ဖြစ်သလို တခြားကူးစက်နိုင်ခြေရှိတဲ့ အရင်းအမြစ်တွေကိုလည်း ဆက်လက်ရှာဖွေနေပါတယ်။
ပုံမှန်နှစ်တွေမှာ ကူးစက်ခံရသူဟာ ရာဂဏန်းမှ ၃,၀၀၀ လောက်သာ ရှိတတ်ပေမဲ့လည်း အခုတကြိမ်မှာ တနိုင်ငံလုံး ကူးစက်သူ ၂၂,၀၀၀ နီးပါးအထိ စံချိန်တင် အဆိုးရွားဆုံး မြင့်တက်လာခဲ့တာပါ။
CDC ဓာတ်ခွဲခန်း စစ်ဆေးချက်အရ အတည်ပြုလူနာ ၆,၇၀၇ ယောက်နဲ့ သံသယလူနာ ၁၁,၅၀၀ ကျော်ရှိကာ ပြည်နယ်အလိုက် တိုက်ရိုက်ကောက်ယူတဲ့ စာရင်းတွေမှာတော့ ဒီထက်မက ပိုမိုများပြားနေပါတယ်။
ပင်မအရင်းအမြစ်ကို ပြန်ရုပ်သိမ်းလိုက်ပြီဖြစ်လို့ အခု ကူးစက်မှု အမြင့်ဆုံးစံချိန်ကို ရောက်ပြီးရင်တော့ ရောဂါ ပြန်ကျသွားလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။
ဒေါက်တာ ဒီလာတူး ကတော့ ဒီကနေ့ခေတ် စီးပွားရေးစနစ်အရ သီးနှံတွေကို ဝေးဝေးလံလံ နေရာတွေအထိ သယ်ယူရောင်းချနေကြတာဖြစ်လို့ ကိုယ်တိုင်စားသောက်တဲ့ အစားအသောက် ဘယ်ကလာသလဲဆိုတဲ့ ရင်းမြစ်ကို သေချာသိရှိဖို့ လိုအပ်ကြောင်းနဲ့ အမျှင်ဓာတ်ရရှိဖို့အတွက် တတ်နိုင်ရင် တောင်သူတွေ တိုက်ရိုက်ရောင်းချတဲ့ စျေးတွေမှာ ကုန်ပစ္စည်း မူလရင်းမြစ်နေရာကို သေချာမေးမြန်း စုံစမ်းပြီးမှ ဝယ်ယူကြဖို့ပါ အကြံပြုထားပါတယ်။
Source: Reuters










