
ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံမြို့မှာ အလုပ်သမား ၁၂ ဦးကို မူလရာထူးအတိုင်း အလုပ်ပြန်ခန့်ထားပေးဖို့ ဒီကနေ့မနက် ၆ နာရီက ဟိုတယ်ချစ်သူ မြို့နယ်အလုပ်သမား အဖွဲ့အစည်းက ဦးဆောင်ပြီး သရဘာ ဟိုတယ်အနီးမှာ အင်အား ၁ဝဝ လောက်နဲ့ အထိုင်သပိတ်စခန်း ဖွင့်လှစ်လိုက်ပါတယ်။
သရပါ အခြေခံအလုပ်သမားအဖွဲ့ အလုပ်အမှုဆောင် ကိုကျော်ဌေးက “တောင်းဆိုထားတာကတော့ ဝန်းထမ်းလျှော့ချခဲ့လို့ အလုပ်လက်မဲ့ဖြစ်သွားတဲ့ ဝန်ထမ်း ၁၂ ယောက်ကို မူလနေရာ ရာထူးအတိုင်း ပြန်လည်ခန့်အပ်ပေးရေးဖြစ်ပြီး ဒီတောင်းဆိုချက် မရမချင်း သပိတ်စခန်းကို ရုပ်သိမ်းသွားမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။
ဝန်ထမ်းလျှော့ချခံရတဲ့အထဲမှာ သရပါ အခြေခံ အလုပ်သမားသမဂ္ဂခေါင်းဆောင်နဲ့ (EC) ၂ ဦး၊ အဖွဲ့ဝင် ၇ ဦး၊ အဖွဲ့ဝင်မဟုတ်တာ ၂ ဦး ပါပြီး အလုပ်သမားသမဂ္ဂကို ဖြိုခွင်းသလိုဖြစ်နေလို့ အခုလို ဆန္ဒပြရတာလို့ ဆိုပါတယ်။
မြို့နယ် ဟော်တယ်ချစ်သူများ အလုပ်သမားသမဂ္ဂ အတွင်းရေးမှူးလည်းဖြစ် သရပါအခြေခံ အလုပ်သမားအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးနေမျိုးဝင်းက “သြဂုတ် ၂၄ ရက်နေ့က စပြီး ဟိုတယ်ဧည့်သည် အဝင်နည်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်သမားတွေကို ခေါ်ယူညှိနှိုင်းခြင်းမရှိဘဲ နားခိုင်းခဲ့တာ။ သမဂ္ဂကိုတော့ အကြောင်းကြားတဲ့ ပုံစံမျိုးပြောတယ်။ အဲဒါနဲ့ လူလျှော့လို့တော့မဖြစ်ဘူး။ တခြားနည်းလမ်း ရှာမှဖြစ်မယ်ဆိုပြီး အကြံပြုတယ်မရဘူး။ သူဌေးကိုလည်း ကိုယ်တိုင်သွားတွေ့တယ်။ မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့ ချုပ်(MICS)ကလည်း ညှိနှိုင်းပေးတယ်မရဘူး။ သိပိတ်စခန်းဖွင့်တော့မယ်ဆိုပြီး အသိပေးစာထုတ်ပြီးမှ နှစ်ကြိမ် ခေါ် ဆွေးနွေးတာလည်း အဆင်မပြေဘူး။ အဲဒါကြောင့် (MICS) ခွင့်ပြုချက်နဲ့ သပိတ်စခန်း ဖွင့်လိုက်တာ” လို့ ဆိုပါတယ်။
သရပါဟိုတယ်မှာ ဝန်ထမ်း ၁၃၀ လောက်ရှိပြီး ၁၀ ရာခိုင်နှုန်းလျှောတယ်ဆိုပြီး အဆိုပါ ဝန်ထမ်း ၁၂ ဦးကို လျှောပေါ့ရပ်နားလိုက်တာလို့ သိရပါတယ်။
ကိုလင်း(ချောက်)










