
အီရန်စစ်ပွဲကို ရပ်ဆိုင်းဖို့ ဒါမှမဟုတ် စစ်ရေးအရ ဆက်လက်ဆောင်ရွက်မယ်ဆိုရင် လွှတ်တော်အတည်ပြုချက် ရယူဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ညွှန်ကြားတဲ့ ဆုံးဖြတ်ချက်တရပ်ကို ဆီးနိတ်အထက်လွှတ်တော်က ဇွန် ၂၃ ရက်မှာ အတည်ပြုလိုက်ပါတယ်။
ရီပတ်ဘလစ်ကန်ပါတီဝင်တချို့က ဒီမိုကရက်တွေနဲ့ ပူးပေါင်း မဲပေးခဲ့တာကြောင့် မဲ ၅၀၊ ၄၈ မဲနဲ့ အဆို အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလအစောပိုင်းမှာလည်း အောက်လွှတ်တော်က အလားတူ အတည်ပြုခဲ့တာကြောင့် အခုအခါမှာတော့ ကွန်ဂရက် လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
အမေရိကန်သမိုင်းမှာ သမ္မတတယောက်ရဲ့ စစ်ရေးအာဏာကို ကန့်သတ်ဖို့ လွှတ်တော် ၂ ရပ်စလုံးက ခုလို ဆုံးဖြတ်ချက် ချမှတ်တာဟာ ၁၉၇၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့တဲ့ ဒီစစ်ပွဲအတွက် ကာကွယ်ရေးဝန်ကြီးဌာနက ဒေါ်လာ ဘီလီယံ ၈၀ လောက် တောင်းခံထားချိန်မှာ ခုလို မဲခွဲဆုံးဖြတ်ခဲ့တာပါ။
စစ်တမ်းတွေအရ ဒီစစ်ပွဲအပေါ် အမေရိကန်ပြည်သူ ၄ ပုံ ၁ ပုံလောက်ပဲ ထောက်ခံတယ်လို့ ဖော်ပြနေပါတယ်။
ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ဟာ သင်္ကေတသဘောသာဖြစ်ပြီး သမ္မတ ထရမ့်ပ်ဆီကို ပေးပို့မှာ မဟုတ်သလို ဥပဒေအရလည်း အာဏာသက်ဝင်မှာ မဟုတ်ပါဘူး။
အရှေ့အလယ်ပိုင်းရေးရာ ကျွမ်းကျင်သူ လော်ရာဘလူးမန်းဖဲလ်ဒ်က "ဒီဆုံးဖြတ်ချက်ဟာ ဥပဒေအရ အကျုံးမဝင်ပေမဲ့ အမေရိကန်ပြည်သူတွေရဲ့ သဘောထားကိုတော့ ထင်ဟပ်နေပါတယ်" လို့ သုံးသပ်ထားပါတယ်။
ထရမ့်ပ်ကတော့ ဒီမဲခွဲမှုကို အချိန်ကိုက်မဟုတ်ဘဲ အဓိပ္ပာယ် မရှိဘူးလို့ ဝေဖန်ခဲ့ပြီး အီရန်အရေး ဆောင်ရွက်မှုကို ပိုခက်ခဲစေတယ်လို့ ပြောပါတယ်။
လောလောဆယ်မှာတော့ အမေရိကန်နဲ့ အီရန်တို့ဟာ အပစ်အခတ် ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းထားပြီး ရက် ၆၀ အချိန်ယူကာ အပြီးသတ် သဘောတူညီချက် ရရှိဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။
Source: Reuters










