
အမေရိကန်နဲ့ သူ့မဟာမိတ်တွေက နျူကလီးယား ဖျက်သိမ်းရေးကို ပိုတွန်းအားပေးလေလေ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်မှု အခြေအနေဟာ နောက်ပြန်မဆုတ်တော့တဲ့ အနေအထားနဲ့ ပိုခိုင်မာလာလေလေ ဖြစ်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ကိုးကားပြီး အစိုးရသတင်းဌာန KCNA က စက်တင်ဘာ ၂၄ ရက်မှာ ဖော်ပြခဲ့ပါတယ်။
အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ ဒီသတင်းပတ်အတွင်း တွေ့ဆုံပွဲမှာ မြောက်ကိုရီးယား နျူကလီးယား လုံးဝဖျက်သိမ်းရေး ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ကြတာနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချွဲဆွန်းဟီ က အခုလို ပြန်လည်တုံ့ပြန်လိုက်တာပါ။
ဒါ့အပြင် မြောက်ကိုရီးယားဟာ အဆင့်မြှင့်တင်ထားတဲ့ ၂၄၀ မီလီမီတာ လမ်းညွှန် ဒုံးပစ်လောင်ချာစနစ်ကို စက်တင်ဘာ ၂၂ ရက်က စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့လည်း KCNA က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီလက်နက်ဟာ နိုင်ငံရဲ့ တောင်ပိုင်းနယ်စပ်တလျှောက် တိုက်ခိုက်ရေးစွမ်းအားကို ပိုမိုအားကောင်းလာစေမယ်လို့ ဆိုထားပါတယ်။











