DVB Logo
Home
မြန်မာသတင်း
သံလွင်မြစ်ရေတက်လာသဖြင့် ဘားအံတွင် ယာယီကယ်ဆယ်ရေးစခန်း ၃ ခု ဖွင့်
အောင်ခန့်
·
August 11, 2026
Photo: CJ
Photo: CJ
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ သံလွင်မြစ်ရေတက်လာကာ ရပ်ကွက်တချို့ ရေဝင်ရောက်နေပြီး ရေဘေးသင့်ပြည်သူတွေအတွက် ယာယီကယ်ဆယ်ရေးစခန်း ၃ ခု ဖွင့်လှစ်ထားတယ်လို့ လူမှုကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

ဘားအံမြို့မှာ ဩဂုတ် ၁၁ ရက် မနက် ၆ နာရီခွဲ တိုင်းတာချက်အရ သံလွင်မြစ်ရေဟာ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၈၃၀ စင်တီမီတာကို ရောက်ရှိနေပါတယ်။

လက်ရှိမှာ မိုးအဆက် မပြတ်ရွာပြီး တောင်ကျရေနဲ့ သံလွင်မြစ်ရေကြောင့် အမှတ် ၁ ရပ်ကွက်၊ အမှတ် ၂ ရပ်ကွက်၊ အမှတ် ၅ ရပ်ကွက်တွေကို ရေစတင်ဝင်ရောက်နေပါတယ်။

ဒါကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားတဲ့အပြင် ယာယီကယ်ဆယ်ရေး စခန်း ၃ ခု ပြင်ဆင်ထားပါတယ်။

လူမှုကယ်ဆယ်ရေးတာဝန်ရှိသူတယောက်က “ရေဝင်ရောက်တဲ့ ရပ်ကွက်တွေ အဓိကကတော့ ရပ်ကွက် ၅ ရယ်၊ ၁ ရယ်၊ ၂ ရယ်။ အမှတ် ၁ ဆိုရင် အုတ်ဖိုဘက်ပေါ့။ အမှတ် ၅ ဆိုရင် အောက်နန်းအောက်ဘက်။ အမှတ် ၂ ကတော့ ၁၀ အိမ်စုပေါ့။ အဲဒီဘက်တွေတော့ ဝင်နေပြီ။ လူသွားလမ်းတော့ စတော့မြုပ်နေပြီ။ (စိုးရိမ်ရေအမှတ်) ၈၅၀ လောက်မှပဲ ရွှေ့ဖို့အစီအစဉ်တော့ လုပ်ထားတယ်။ စခန်းက ၃ ခုပေါ့။ အမှတ် ၁၊ အမှတ် ၅ ရယ်၊ အမှတ် ၉ ရယ်၊ စခန်း ၃ ခုပေါ့။ အဲဒါကိုတော့ လိုအပ်တာတွေ ကြိုတင်ပြင်ဆင်မှုတော့ လုပ်ထားတယ်။ ဆန်၊ ဆီတို့ ဘာတို့ လုပ်ထားတယ်။ စခန်းတွေက ဖွင့်ရင် တပြိုင်တည်း ဖွင့်မယ်။ အခုလောလောဆယ်တော့ မီးသတ်တော့ ရေကင်းချထားတယ်” လို့ ပြောပါတယ်။

ဘားအံမြို့မှာ သံလွင်မြစ်ရေကြီးမှုကြောင့်  တမြို့လုံးနီးပါး နှစ်စဉ် ရင်ဆိုင်နေရပါတယ်။ နှစ်စဉ် ရေကြီးတာကို ရင်ဆိုင်နေရတဲ့ ဘားအံမြို့မှာ ရေဘေးကယ်ဆယ်ရေးလုပ်ဆောင်ရာမှာ လှေလုံလောက်မှု မရှိတာကြောင့် အခက်အခဲတွေနဲ့ နှစ်တိုင်း ကြုံတွေ့ရတယ်လို့ လူမှုကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

နှစ်စဉ် ရေကြီးမှုကြောင့် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ရေဘေးသင့်ပြည်သူတွေက ပြောပါတယ်။

ရေဘေးသင့်ပြည်သူတယောက်က “အခုလိုမျိုး ရေကြီးလာရင် ဈေးသွားရတာက အစခက်ခဲတယ်။ ကျောင်းသားတွေအတွက် ကျောင်းပို့ကျောင်းကြိုရအစ ခက်ခဲတယ်။ ပြောင်းရွှေ့ရတာပါ ခက်ခဲပြီးတော့ စားဝတ်နေရေးပါ ခက်ခဲတာပေါ့။ တချို့ဆိုရင် ရေက အိမ်ခေါင်မိုးလောက်အထိ တက်လာတော့ သွားရေးလာရေး ခက်ခဲတယ်။ နေလို့မရဘူးပေါ့။ နေလို့မရတော့ ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ သွားနေရတာပေါ့နော်။ တချို့ကျတော့လည်း အိမ်စောင့်တယောက် အဲဒီလိုမျိုး နေပေးရတယ်။ အဲဒီလိုမျိုးအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတာပေါ့။ ရေကြီးတဲ့အချိန်ဆိုရင်  ပြည်သူတွေက စားဝတ်နေရေး ခက်ခဲတော့ အလှူရှင်တွေကို မျှော်ကြတာပေါ့”လို့ ပြောပါတယ်။

၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် မနက် ၆ နာရီခွဲချိန် တိုင်းတာချက်အရ သံလွင်မြစ်ရေဟာ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၉၂၇ စင်တီမီတာကို ရောက်ရှိခဲ့တာကြောင့် ဘားအံမြို့မှာ  မြို့ပေါ်က ကယ်ဆယ်ရေးစခန်း ၂၀ နဲ့ အနီးအနားကျေးရွာက ကယ်ဆယ်ရေးစခန်း ၄ ခုမှာ မြို့ခံတွေနဲ့အတူ စစ်ဘေးရှောင်ပြည်သူတွေ အပါအဝင် ရေဘေးသင့်ပြည်သူ ၁၄,၀၀၀ ကျော် ခိုလှုံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013