
ကိုလံဘီယာနိုင်ငံမှာ ဆင်းရဲမွဲတေမှု၊ လူမှုအသိုက်အဝန်းရဲ့ ပစ်ပယ်ခံရမှု၊ ပညာရေး နိမ့်ကျမှုနဲ့ လူမှုကွန်ရက်တွေ ပိုသုံးလာတာကို အခွင့်ကောင်းယူပြီး တရားမဝင် လက်နက်ကိုင်အဖွဲ့တွေဟာ ကလေးသူငယ်တွေကို စစ်ထဲသွင်းတာတွေ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ပိုများလာတယ်လို့ HRW က ဩဂုတ် ၂၄ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။
ကိုလံဘီယာနိုင်ငံအတွင်း ကလေးသူငယ်တွေကို စစ်ထဲသွင်းတာ ၄ ဆလောက် မြင့်တက်လာ နေပါတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) ရဲ့ အမေရိကဒေသဆိုင်ရာ ဒါရိုက်တာ ဟွာနီတာ ဂိုအဲဘယ်တူးစ် က ဘိုဂိုတာမြို့မှာ ပြောကြားခဲ့ပါတယ်။
ဒါဟာ စစ်ပွဲထဲမှာ ဆုံးရှုံးလိုက်ရတဲ့ ကလေးသူငယ် မျိုးဆက်ဖြစ်ပြီး ဒီကလေးတွေကို စစ်ပွဲထဲကနေ ပြန်ထုတ်ဖို့ရော၊ ထပ်ပြီး စစ်ထဲမပါသွားအောင် တားဆီးဖို့ပါ အများကြီး လုပ်ဆောင်ရဦးမယ်လို့ ဆိုပါတယ်။
ပြည်သူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအရာရှိရုံးရဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်ကတည်းက အနည်းဆုံး ကလေးငယ် ၁,၅၀၀ မက စစ်ပွဲထဲ ဆုံးရှုံးခဲ့ရပြီး အများစုဟာ FARC တပ်ဖွဲ့ဟောင်းက ခွဲထွက်သွားတဲ့ EMC အဖွဲ့၊ ELN နဲ့ ကလန်ဒယ်လ် ဂေါ့လ်ဖှို အဖွဲ့တွေရဲ့ စည်းရုံးတာကို ခံခဲ့ရတာလို့ ဆိုပါတယ်။
ဖြစ်စဉ်အများစုဟာ နိုင်ငံအနောက်တောင်ပိုင်း ကောက်ကာ ပြည်နယ်မှာ ဖြစ်ပွားခဲ့ပြီး ထိခိုက်ရသူ တွေရဲ့ အနီးပါးဝက်လောက်ဟာ အသက် ၁၀ နှစ်ကနေ ၁၄ နှစ်ကြား တိုင်းရင်းသားမျိုးနွယ်စု ကလေးတွေ ဖြစ်ကြပါတယ်။
ဆယ်စုနှစ် ၆ ခုကျော်ကြာ ပြည်တွင်းစစ်ကြောင့် လူပေါင်း ၅ သိန်းနီးပါး သေဆုံးပြီး သန်းပေါင်းများစွာ အိုးအိမ်စွန့်ခွာခဲ့ရတဲ့ ကိုလံဘီယာမှာ အဖွဲ့အစည်းအသီးသီးက လူချင်းတွေ့ပြီး တပ်ထဲသွင်းတာတွေ ရှိနေသေးပေမဲ့ နည်းလမ်းသစ်တွေလည်း သုံးလာကြပါတယ်။
TikTok နဲ့ META လို ပလက်ဖောင်းတွေ၊ အများသုံး စကားပြောခန်းတွေနဲ့ သီးသန့် မက်ဆေ့ခ်ျတွေကို သုံးပြီး စည်းစိမ်ဥစ္စာ၊ လွယ်လွယ်ရတဲ့ ပိုက်ဆံ၊ အရှိန်အဝါ၊ မော်တော်ဆိုင်ကယ်နဲ့ ပိုက်ဆံအထပ်လိုက်စတဲ့ မက်လုံးတွေ၊ အလုပ်အကိုင် အခွင့်အလမ်း ခေါင်းစဉ်တွေနဲ့ ကလေးတွေကို စည်းရုံးနေကြတာပါ။
ဒီလို ပျံ့နှံ့နေတာတွေကို တားဆီးရာမှာ လူမှုကွန်ရက် ကုမ္ပဏီတွေဘက်က ထိရောက်မှု မရှိသေးတာ ကြောင့် HRW က မက်ထာ နဲ့ ဘိုက်ဒန့်စ် နည်းပညာ ကုမ္ပဏီကြီးတွေကို တိုက်ရိုက် အသိပေး ခဲ့ပါတယ်။
ကုမ္ပဏီ ၂ ခုစလုံးကတော့ အကြမ်းဖက်အဖွဲ့အစည်းတွေကို အားပေးတဲ့ အကြောင်းအရာတွေကို ပိတ်ပင်ထားတဲ့ မူဝါဒအတိုင်း တပ်ထဲသွင်းတဲ့ ပရိုဖိုင်အချို့ကို ဖယ်ရှားပေးခဲ့တယ်လို့ တုံ့ပြန်ထားပါတယ်။
Source:Reuters











