
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ကြီးကျေးရွာ ဘုန်းကြီးကျောင်းကို မေ ၂၀ ရက်က စစ်အာဏာရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းထိုင်ဆရာတော်နဲ့ ကလေးတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရမ်းဗြဲဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က မေ ၂၀ ရက် မနက် ၁၁ နာရီဝန်းကျင် ဆွမ်းစားချိန်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး သံဃာတပါးနဲ့ ကလေးငယ်တယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြပြီး လက်ရှိမှာ ဆေးကုသမှု ခံယူနေကြရတယ်လို့ ရမ်းဗြဲဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“စစ်တပ်က ဒရုန်းနဲ့ တိုက်ခိုက်တာကို ကျောက်ဖြူဘက်ကနေ လုပ်တာလို့ ယူဆရတယ်။ ဘာတိုက်ပွဲမှလည်း မရှိဘူး။ စစ်ဘက်ဆိုင်ရာ နေရာလည်း မဟုတ်ဘဲ ဘာသာရေး အဆောက်အအုံကို တမင်ရည်ရွယ်ပြီး တိုက်ခိုက်တာ။ ဒဏ်ရာရရှိသွားတဲ့ ဆရာတော်နဲ့ ကလေးကို ဆေးကုသမှု ခံယူနေကြရတယ်။”
စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရမ်းသစ်ကြီးကျေးရွာဟာ တောင်ကုတ်-ရမ်းဗြဲ ကားလမ်းပေါ်မှာရှိတဲ့ ကျေးရွာဖြစ်ပြီး လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ စနဲမြို့နဲ့ ဝေးကွာသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရမ်းဗြဲကျွန်းရှိ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးမှာ အာရက္ခတပ်တော်နဲ့ စစ်အာဏာရှင်တပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ လက်ရှိပြင်းထန်နေကြဆဲဖြစ်ပြီး စစ်တပ်က စနဲမြို့ကို မေ ၁၉ ရက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၁၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ပါတယ်။
ကျောက်ဖြူမြို့နယ်မှာ စစ်တပ်နဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေကြတာကြောင့် ကျောက်ဖြူက ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်တွေဟာ ရမ်းဗြဲမြို့မှာ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
ရမ်းဗြဲမြို့နယ်ကို ၂၀၂၄ ခုနှစ် မတ်လမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်တပ်က ရမ်းဗြဲမြို့နယ်အတွင်းကို မကြာခဏဆိုသလို လေကြောင်း အပါအဝင် စစ်သင်္ဘောတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။










