
အီကွေဒေါနိုင်ငံမှာ ဂိုဏ်းအုပ်စုတွေကြား တိုက်ခိုက်မှုတွေ သိသိသာသာ မြင့်တက်လာလို့ မိသားစု ထောင်ပေါင်းများစွာဟာ သူတို့အိမ်တွေကို ဂိုဏ်းတွေဆီ စွန့်လွှတ် ထွက်ပြေးခဲ့ကြရတယ်။
ဂိုဏ်းတွေက မူးယစ်ဆေးဝါးအတွက် ငွေရှာဖို့ အိမ်တွေကို ပြောင်တလင်းခါအောင် လုယူဖို့ ဒါမှမဟုတ် ပြန်ပေးဆွဲခံရသူတွေကို ဝှက်ထားဖို့ အိမ်တွေကို သုံးကြတယ်လို့ ဒေသခံတွေနဲ့ ရဲတွေက ပြောပါတယ်။
အပြင်းထန်ဆုံး သွေးထွက်သံယိုမှု ဖြစ်ခဲ့တဲ့ နေရာတွေထဲက တခုဟာ ကမ်းရိုးတန်းမြို့ ဂွါယာကီးလ်က နူဗာပရိုစပါရီနာခရိုင် ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က လော့စ် တီဂရောနက်စ် ဂိုဏ်းအုပ်စုတွေကြား တိုက်ခိုက်မှုတွေကြောင့် လူ ၂၂ ယောက် သေဆုံးခဲ့ရပါတယ်။
အီကွေဒေါနိုင်ငံမှာ လူပေါင်း ၃ သိန်းကျော်က သူတို့အိမ်တွေကို စွန့်ခွာခဲ့ကြတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီနဲ့ အမ်ဘတ်စ်မန်ရုံးတို့က ပြောပေမဲ့ အမှန်တကယ် ကိန်းဂဏန်းက ပိုမြင့်နိုင်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။
တချိန်က လက်တင်အမေရိကရဲ့ လုံခြုံတဲ့ အစိတ်အပိုင်းတခုအဖြစ် သတ်မှတ်ခံထားရတဲ့ အီကွေဒေါနိုင်ငံဟာ ခုတော့ ဟေတီနဲ့ ကိုလံဘီယာနိုင်ငံတို့ပြီးရင် ဒေသတွင်း တတိယအမြင့်ဆုံး ပြည်တွင်းနေရပ်စွန့်ခွာမှုအဆင့်ကို ရောက်နေပြီလို့ နော်ဝေဒုက္ခသည်ကောင်စီက ပြောပါတယ်။
နိုင်ငံတဝန်း အကြမ်းဖက်မှုတွေ စဉ်ဆက်မပြတ် မြင့်တက်လာလို့ နေရပ်စွန့်ခွာမှု မြင့်တက်လာတာလို့ ဂွါယာကီးလ်မြို့က လူ့အခွင့်အရေးကာကွယ်ရေးဆိုင်ရာ အမြဲတမ်းကော်မတီ က ပြောခဲ့ပါတယ်။
Source: Reuters











