DVB Logo
Home
မြန်မာသတင်း
မြန်မာအိမ်အကူကို ခြိမ်းခြောက်ပြီး လိင်ပိုင်းစော်ကားမှုဖြင့် မကာအိုအမျိုးသား ၁ ဦး ဖမ်းဆီးခံရ
DVB
·
June 12, 2026
Photo: The Standard
Photo: The Standard
Donate to DVB

မြန်မာအိမ်အကူအမျိုးသမီးကို အလုပ်လုပ်ကိုင်ခွင့်ဗီဇာနဲ့ ခြိမ်းခြောက်အကျပ်ကိုင် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်နဲ့ အသက် ၅၄ နှစ်အရွယ် မကာအို စီးပွားရေးလုပ်ငန်းရှင်တယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဟောင်ကောင်အခြေစိုက် The Standard သတင်းမှာ ဇွန် ၁၀ ရက်က ဖော်ပြပါတယ်။

မကာအိုအမျိုးသား မစ္စတာလမ်ဟာ သူအသစ်ငှားရမ်းထားတဲ့ မြန်မာအမျိုးသမီးကို အလုပ်စတင် ဝင်ရောက်တဲ့ ပထမဆုံးနေ့မှာတင် အလုပ်လုပ်ကိုင်ခွင့်ဗီဇာ ဆောင်ရွက်ပေးမှာ မဟုတ်ဘူးလို့ ခြိမ်းခြောက်ကာ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး နောက်တနေ့မှာလည်း ထပ်မံပြီး အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

လက်ရှိမှာတော့ သူ့ကို ပြည်သူ့အစိုးရရှေ့နေရုံးကို လွှဲပြောင်းပေးထားပြီး လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှု မြောက်ခြင်းနဲ့ အကျပ်ကိုင်မှုတွေနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

နစ်နာသူဟာ အရင်ကလည်း မကာအိုမှာ အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး မြန်မာနိုင်ငံကို ပြန်သွားခဲ့သူဖြစ်ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြပါတယ်။

သူဟာ မေလကုန်ပိုင်းမှာတော့ မကာအိုကို ပြန်လည်ရောက်ရှိလာခဲ့ပြီး အလုပ်အကိုင်အသစ် ရှာဖွေနေချိန်မှာ သူငယ်ချင်းတယောက်ကနေတဆင့် လမ်နဲ့ မိတ်ဆက်ပေးခံခဲ့ရတာလို့ ဆိုပါတယ်။

ဇွန် ၂ ရက်မှာတော့ အဆိုပါအမျိုးသမီးဟာ လမ်ရဲ့နေအိမ်မှာ အလုပ်စတင် လုပ်ကိုင်ခဲ့ချိန်မှာ လမ်ဟာ သူ့ကို အဓမ္မနမ်းရှိုက်ဖို့ အတင်းအကျပ် ပြုလုပ်ခဲ့ပြီး တကယ်လို့ ငြင်းဆန်ရင် မကာအိုက နိုင်ငံခြားသား အလုပ်သမားတွေအတွက် လိုအပ်တဲ့ သက်သေခံအထောက်အထား စာရွက်စာတမ်းဖြစ်တဲ့ ရွှေ့ပြောင်းအလုပ်သမား သက်သေခံကတ်ပြား လျှောက်ထားမှုကို ပြီးဆုံးအောင် ဆောင်ရွက်ပေးမှာ မဟုတ်ဘူးဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ငွေကြေးဆိုင်ရာ ဖိအားတွေကြောင့် အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးသွားမှာကို စိုးရိမ်တာကြောင့် အဆိုပါအမျိုးသမီးက လိုက်လျောခဲ့ရပြီးနောက်မှာ လမ်က သူ့ကို အဓမ္မပြုကျင့်ခဲ့တာလို့ စွပ်စွဲထားပါတယ်။

လမ်ဟာ ဇွန် ၃ ရက်နေ့မှာလည်း အရင်ခြိမ်းခြောက်မှုကိုပဲ ထပ်မံအသုံးပြုခဲ့ပြီး နစ်နာသူ မြန်မာအမျိုးသမီးကို လိင်ဆက်ဆံဖို့ အတင်းအကျပ် ကြိုးပမ်းခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

သူက ရုန်းကန်တွန်းလှန်ခဲ့တာကြောင့် အဆိုပါ စော်ကားမှု မအောင်မြင်အောင် တားဆီးနိုင်ခဲ့တဲ့နောက် လမ်က သူ့ကို နေအိမ်တိုက်ခန်းပြင်ပကို နှင်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အမျိုးသမီးဟာ ဇွန် ၆ ရက်မှာတော့ ရဲတပ်ဖွဲ့ဆီ ဖြစ်စဉ်ကို သွားရောက်တိုင်ကြားခဲ့ပြီး ရဲအရာရှိတွေက နောက်တနေ့မနက်မှာ လမ်ကို သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့တာပါ။

သံသယရှိသူကို စွပ်စွဲထားတဲ့ ပြစ်မှုတွေနဲ့ ဆက်စပ်နေတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရှိကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

သူတို့က နစ်နာသူကို လာရောက်တိုင်ကြားခဲ့တဲ့အတွက် ချီးကျူးခဲ့ပြီး ဒီတိုင်ကြားချက်ကြောင့် စုံစမ်းစစ်ဆေးသူတွေအနေနဲ့ သက်သေအထောက်အထားတွေကို လျင်မြန်စွာ စုဆောင်းနိုင်ခဲ့ကာ နောက်ထပ် ရာဇဝတ်မှုတွေ မဖြစ်ပွားအောင် ကာကွယ်ရာမှာလည်း အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ပြောပါတယ်။

အာဏာပိုင်တွေကတော့ အလားတူပြစ်မှုမျိုး ခံစားခဲ့ရသူ ဘယ်သူမဆို နှုတ်ဆိတ်မနေကြဖို့နဲ့ ရဲတပ်ဖွဲ့ဆီက အကူအညီရယူကြဖို့ တိုက်တွန်းထားပါတယ်။

Source: The Standard

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013