
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ ၂၀၂၃ ခုနှစ် မေ ၁၄ ရက်က မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ မြို့ဝင်ဆိုင်းဘုတ်ကို ၃ နှစ်နီးပါးကြာ တည်ဆောက်ခဲ့ရပြီး ၂၀၂၆ ခုနှစ် မတ် ၂၅ ရက်မှာ ပြန်လည် ဖွင့်လှစ်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက အဲဒီမုခ်ဝသစ်ဖွင့်ပွဲကို စစ်ကောင်စီရဲ့ နှစ် ၈၀ မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ (တပ်မတော်နေ့) အထိမ်းအမှတ်အဖြစ် အခမ်းအနားတွေနဲ့ ဖွင့်လှစ်ပေးခဲ့ကြတာလို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အဲဒီမုခ်ဝဖွင့်ပွဲကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ထိန်လင်း၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးနဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ အခုဖွင့်လိုက်တဲ့ မုခ်ဝပုံစံသစ်ကို ၂၀၂၃ ခုနှစ်အတွင်းက ပြိုင်ပွဲပုံစံမျိုး တင်ဒါ ခေါ်ယူခဲ့ပေမဲ့လည်း ပြိုင်မဲ့သူ မရှိခဲ့တာကြောင့် ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနဲ့ ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်မိုးက စစ်ကောင်စီနဲ့နီးစပ်တဲ့ စစ်တွေယဉ်ကျေးမှုအဖွဲ့က ဦးကျော်ဇံမောင်၊ သုတေသီ ဦးအောင်လှသိန်းနဲ့ စာရေးဆရာတွေကို ခေါ်ယူပြီး ဆွေးနွေးရေးဆွဲခဲ့ကြတာလို့ ဇန်နဝါရီ ၁၄ ရက်မှာ ဦးလှသိန်းက သူ့ရဲ့ လူမှုကွန်ရက်က တဆင့် ထုတ်ပြန်ခဲ့ပါတယ်။
အခုအသစ်ဖွင့်လှစ်လိုက်တဲ့ မုခ်ဝဟာ ရခိုင်အငွေ့အသက် ကင်းမဲ့သလို စစ်ကောင်စီက သူတို့ လိုချင်တဲ့ ပုံစံအတိုင်းသာ ဆောက်လုပ်ထားတာလို့ စစ်တွေမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“စစ်တွေမုခ်ဝက ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်းကတည်းက ပျက်စီးသွားတာ။ အခုမှ ၃ နှစ်နီးပါးကြာ တည်ဆောက်ခဲ့ရတာ။ အရင်မုခ်ဝဟောင်းတုန်းကဆိုရင် ရခိုင်ယဉ်ကျေးမှု အငွေ့အသက်တွေကို ဒီဇိုင်းရေးဆွဲပြီး တည်ဆောက်ခဲ့ကြတာ။ အခုက ရခိုင်အငွေ့အသက် လုံးဝမပါဘူး။ ရခိုင် ဒင်္ဂါးပြား တံဆိပ်တခုလောက်ပဲ ကပ်ထားတာ။ စစ်ကောင်စီက သူတို့လိုချင်တဲ့ ဒီဇိုင်းဆွဲပြီးတော့ ဆောက်လုပ်ထားတာ။ မြို့တော်တခုရဲ့ မြို့ဝင်မုခ်ဝဆိုတာ မြို့တခုရဲ့ ပြယုဂ်ဖြစ်တယ်။ အဲဒီလို မုခ်ဝကို ဒေသရဲ့ ယဉ်ကျေးမှုအငွေ့အသက်နဲ့ တည်ဆောက်ရတာ။”
စစ်ကောင်စီက အသစ်တည်ဆောက်လိုက်တဲ့ မုခ်ဝကို စစ်တွေ တပ်ထိန်းဂိတ်အနီးကို တိုးချဲ့ တည်ဆောက်လိုက်တာကြောင့် တိုက်ပွဲတွေရှိနေတဲ့ စစ်တွေမှာ မြို့ခံတွေ အလွယ်တကူသွားကြည့်ဖို့ စိုးရိမ်မှုတွေ ရှိကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်တွေမြို့က ကမ်းနားလမ်းနဲ့ ပွိုင့်ကမ်းခြေကိုလည်း အာရက္ခတပ်တော် (AA) က ရေကြောင်းကနေ ထိုးစစ်ဆင် တိုက်ခိုက်လာမှာ စိုးရိမ်တဲ့အတွက် စစ်ကောင်စီက ၂၀၂၄ ခုနှစ်ကတည်းက ကမ်းခြေ တလျှောက် ခြံစည်းရိုးခတ်ထားတာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ် ၃ ခုကိုသာ ထိန်းချုပ် ထားနိုင်တော့တာဖြစ်ပြီး စစ်တွေနဲ့ ကျောက်ဖြူမှာလည်း စစ်ကောင်စီရဲ့ တပ်စခန်းတွေ တိုက်ခိုက် ခံနေရတာ ဖြစ်ပါတယ်။










