
တရုတ်နိုင်ငံရဲ့ အကြီးဆုံး သဲကန္တာရဖြစ်တဲ့ ရှင်းကျန်းက တက်ကလာမာခန် သဲကန္တာရမှာ ဒီနှစ်ရဲ့ ပထမဆုံး ရေကြီးမှုကို ဇွန်လဆန်းပိုင်းမှာတင် စတင်ကြုံတွေ့နေရပြီလို့ နိုင်ငံပိုင် ရုပ်သံ CCTV က ဇွန် ၁၂ ရက်မှာသတင်းထုတ်ပြန်ပါတယ်။
ကုန်းတွင်းပိုင်းရှိ တာရင်းမ် မြစ်မှာ ရေတွေ အဆမတန် တက်နေတာကို ဒရုန်းဗီဒီယို ဖိုင်တွေနဲ့တကွ ပြသသွားပါတယ်။
တက်ကလာမာခန် သဲကန္တာရထဲမှာ ဒီလိုရေကြီးတာမျိုးကို ၂၀၂၁ ခုနှစ်ကတည်းက ကြုံခဲ့ရဖူးပေမဲ့ ပုံမှန်ဆိုရင်တော့ အပူချိန် အမြင့်ဆုံးရောက်တဲ့ ဩဂုတ်လကျမှပဲ ဖြစ်လေ့ဖြစ်ထ ရှိတာပါ။ ဒါပေမဲ့ ဒီနှစ်မှာတော့ အပူချိန်က ပုံမှန်ထက် အများကြီး စောပြီး တက်လာပါတယ်။
ရိုက်တာရဲ့ ရာသီဥတု စောင့်ကြည့်ရေးအဖွဲ့ရဲ့ အဆိုအရ ဇွန် ၁၂ ရက်မှာ ရှင်းကျန်းဒေသရဲ့ အပူချိန်ဟာ ဒီလိုအချိန်မျိုးရဲ့ ပျမ်းမျှအပူချိန်ထက် ၇ ဒသမ ၃ ဒီဂရီ ဆဲလ်စီးယပ်စ် ပိုများနေပြီး ၃၈ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ရှိနေပါတယ်။
ဒါ့အပြင် ရှင်းကျန်းဒေသ အနောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ မကြာသေးခင်က မိုး ပိုရွာထားပါတယ်။
တချို့နေရာတွေမှာဆိုရင် ဇွန်လဆန်းပိုင်း ရွာလေ့ရွာထရှိတဲ့ ပျမ်းမျှမိုးရေချိန်ထက် ၂ ဆကနေ ၃ ဆအထိ ပိုများနေတယ်လို့ CCTV က ဖော်ပြပါတယ်။
ဒါကြောင့် တရုတ်အစိုးရကတော့ ပုံမှန်မဟုတ်တဲ့ အပူချိန် မြင့်တက်မှု၊ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ရေခဲမြစ်တွေ အရှိန်အဟုန်နဲ့ အရည်ပျော်မှုတို့ကြောင့် ဒီနွေရာသီမှာ "အလွန်အမင်း ရေကြီးတာမျိုး" ဖြစ်လာနိုင်တာမို့ ပြင်ဆင်ထားကြဖို့ အနောက်မြောက်ပိုင်း ရှင်းကျန်းဒေသနဲ့ အနီးတဝိုက်က လူထုကို သတိပေးထားပါတယ်။
Source: Reuters










