
အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ သူ့ရဲ့ အသက် ၃၉ နှစ်ပြည့်မွေးနေ့ကို အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ရင်း ဖြတ်သန်းခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
မက်ဆီကို ၁၉၈၇ ခုနှစ် ဇွန်လ ၂၄ ရက်မှာ ဗြူနိုအေးရိစ်မြို့နဲ့ ကီလို ၃၀၀ ကျော်အကွာမှာရှိတဲ့ ရိုဆာရီရိုမြို့မှာ မွေးဖွားခဲ့တာပါ။
အာဂျင်တီးနားအသင်းဟာ မစ်ဆူရီပြည်နယ်၊ ကန်ဆက်မြို့မှာ လေ့ကျင့်ရေးတွေလုပ်နေတာဖြစ်ပြီး ၃၉ နှစ်မြောက်မွေးနေ့ကို မက်ဆီက အသင်းဖော်တွေနဲ့အတူ ဖြတ်သန်းခဲ့တာပါ။
ဆိုရှယ်မီဒီယာမှာတော့ မက်ဆီဟာ အသင်းဖော်တွေနဲ့အတူ မွေးနေ့ကိတ် ကိုင်ထားတဲ့ပုံကို တွေ့မြင် ရပါတယ်။
ဒါဟာ သူ့အတွက် ကမ္ဘာ့ဖလာပြိုင်ပွဲ ၆ ကြိမ်မြောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပတဲ့ အချိန်နဲ့တိုက်ဆိုင်တဲ့ ၅ ကြိမ်မြောက် မွေးနေ့လည်း ဖြစ်ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ ကျင်းပခဲ့တာဖြစ်လို့ မက်ဆီရဲ့ မွေးနေ့ဟာ ကမ္ဘာ့ဖလားကျင်းပချိန်နဲ့ မတိုက်ဆိုင်ခဲ့တာပါ။
လက်ရှိအချိန်မှာ မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် ဂိုး ၅ ဂိုး စလုံးသွင်းယူပေးထားလို့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဂိုး ၁၈ ဂိုးနဲ့ ဂိုးအများဆုံးသွင်းထားတဲ့ ကလိုဆေးနဲ့ အမ်ဘာပေတို့ထက် ၂ ဂိုး အသာရနေပါတယ်။
မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရွှေဖိနပ်ဆုစာရင်းမှာလည်း ထိပ်ဆုံးကနေ ဦးဆောင် နေပါတယ်။
အာဂျင်တီးနားအသင်းပရိသတ်တွေကလည်း အာဂျင်တီးနားအသင်းတည်းခိုတဲ့ ဟိုတယ်အပြင်မှာ မွေးနေ့ပွဲကျင်းပပေးခဲ့သလို ဗြူနိုအေးရိစ်မြို့လမ်းမတွေပေါ်မှာလည်း မက်ဆီရဲ့ ၃၉ နှစ်ပြည့်မွေးနေ့ ကျင်းပပေးခဲ့တာ တွေ့ရပါတယ်။
Source:Reuters











